CNI Sport News

၂၀၂၆ ခုနှစ်၊ မေလ ၄

မြောက်ကိုရီးယား အမျိုးသမီး ဘောလုံးအသင်း တစ်သင်းဟာ ၂၀၁၈ ခုနှစ်နောက်ပိုင်း အိမ်နီးချင်း တောင်ကိုရီးယားနိုင်ငံမှာ ကစားမယ့် ပထမဆုံးအားကစားအသင်း ဖြစ်လာမှာဖြစ်ပြီး အခုလထဲ လာရောက်မယ်လို့ CNA သတင်းမှာ ဖော်ပြထားပါတယ်။ 

တောင်နဲ့မြောက် ကိုရီးယား ၂ နိုင်ငံဟာ တင်းမာမှုတွေ ရှိနေတာကြောင့် နှစ်နိုင်ငံအကြား အားကစားနဲ့ ယဉ်ကျေးမှု ဖလှယ်တာဟာ အလွန်ရှားပါးတာပါ။

မြောက်ကိုရီးယား အာဏာပိုင်တွေဟာ မေလ ၂၀ ရက်မှာ တောင်ကိုရီးယားကလပ် Suwon FC အသင်းနဲ့ ကစားမယ့် အာရှအမျိုးသမီး ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲအတွက် Naegohyang အသင်းက အဖွဲ့ဝင် ၃၉ ဦးပါ ကိုယ်စားလှယ်အဖွဲ့နဲ့ ပတ်သက်ပြီး အကြောင်းကြားစာကို တောင်ကိုရီးယားထံ ပေးပို့ခဲ့ပါတယ်။ 

Naegohyang အသင်းရဲ့ ကိုယ်စားလှယ်အဖွဲ့မှာ ကစားသမား ၂၇ ဦးနဲ့ အဖွဲ့ဝင် ၁၂ ဦး ပါဝင်မှာဖြစ်ပြီး တောင်ကိုရီးယားထံ ဘယ်အချိန် ရောက်ရှိမလဲဆိုတာတော့ အတိအကျ ပြောခြင်း မရှိသေးပါဘူး။ 

မြောက်ကိုရီးယားအသင်းကို တွေ့ရစဉ် 

ဒီပွဲအနိုင်ရတဲ့ အသင်းဟာ သြစတြေးလျ ကလပ်နဲ့ ဂျပန်ကလပ် အသင်းတို့ရဲ့ ဆီမီးဖိုင်နယ်ပွဲမှာ အနိုင်ရတဲ့ အသင်းနဲ့ ဗိုလ်လုပွဲ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

၂၀၁၈ ခုနှစ်မှာ သေနတ်ပစ်၊ လူငယ်ဘောလုံးနဲ့ စားပွဲတင် တင်းနစ် ကိုယ်စားလှယ်အဖွဲ့တွေ တောင်ကိုရီးယားထံ သွားရောက်ခဲ့ပြီးနောက်ပိုင်း မြောက်ကိုရီယား အားကစားအဖွဲ့ဟာ တောင်ကိုရီးယားထံ သွားရောက်ခြင်း မရှိတော့ တာပါ။

အခုအချိန်မှာတော့ ပထမဆုံးအကြိမ်အဖြစ် Naegohyang အသင်းက တောင်ကိုရီးယားမှာ အာရှအမျိုးသမီး ချန်ပီယံလိဂ်ပွဲ သွားရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ 

မြောက်ကိုရီးယားဟာ အမျိုးသမီးဘောလုံးအသင်းကို တောင်ကိုရီးယားထံ နောက်ဆုံး စေလွှတ်ခဲ့တာက ၂၀၁၄ ခုနှစ်မှာဖြစ်ပြီး မြောက်ကိုရီးယားအသင်းဟာ အင်ချွန်းမှာ ကျင်းပတဲ့ အာရှအားကစားပြိုင်ပွဲမှာ ပါဝင်ခဲ့ပါတယ်။

Source: CNA