CNI International News

ပဲရစ်၊ ဇွန်လ ၁၈

မြောက်ကိုရီးယားအရေးကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေး ထရမ့် အနေဖြင့် ဦးဆောင်ပေးရန် တောင်ကိုရီးယား သမ္မတ လီဂျေမြောင် (Lee Jae-myung)က တောင်းဆိုလိုက်ကြောင်း The Korea Times သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။

ပြင်သစ်နိုင်ငံတွင် ကျင်းပသည့် စက်မှုထိပ်သီး ၇ နိုင်ငံ (G-7) ထိပ်သီး အစည်းအဝေး၌ တောင်ကိုရီးယားသမ္မတ လီဂျေမြောင် (Lee Jae-myung) သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) နှင့် တွေ့ဆုံခဲ့ပြီး ယခုလို တောင်းဆိုခဲ့ခြင်းဖြစ်သည်။

၎င်းတို့နှစ်ဦး တွေ့ဆုံချိန်တွင် ထရမ့်က ကိုရီးယားနှစ်နိုင်ငံကြား နောက်ဆုံး အခြေအနေများနှင့် ပတ်သက်ပြီး လီအား မေးမြန်းခဲ့ကြောင်း တောင်ကိုရီးယားသမ္မတရုံး၏ အကြီးတန်းပြောရေးဆိုခွင့်ရှိသူ ကန်ယူဂျုံ (Kang Yu-jung) က ပြောကြားခဲ့သည်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်

ထိုကဲ့သို့ မေးမြန်းရာတွင် လီက ထရမ့်အနေဖြင့် အရှေ့အလယ်ပိုင်းပဋိပက္ခကို အဆုံးသတ်ရန် ကူညီပေးခဲ့သလို မြောက်ကိုရီးယားအရေးကိုလည်း ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မည့် ကြိုးပမ်းမှုများတွင်လည်း ဦးဆောင်ပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

အမေရိကန်နှင့် အီရန်ကြား ၃ လကျော်ကြာ စစ်ပွဲကို အဆုံးသတ်ရန်အတွက် ယာယီငြိမ်းချမ်းရေး သဘောတူညီ ချက် ရရှိကြောင်း ဇွန်လ ၁၅ ရက်က ကြေညာခဲ့ခြင်းဖြစ်သည်။

“မြောက်ကိုရီးယားအရေးကို ဖြေရှင်းနိုင်ဖို့အတွက် ပူးပေါင်းဆောင်ရွက်သွားဖို့ အသင့်ရှိကြောင်း သမ္မတ ထရမ့်က ပြန်လည် ပြောကြားခဲ့ပါတယ်” ဟု ကန်ယူဂျုံက ဆိုသည်။

ပြင်သစ်နိုင်ငံ Evian-les-Bains တွင် ကျင်းပသည့် G-7 ထိပ်သီး အစည်းအဝေးသို့ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ဗြိတိန်နှင့် အမေရိကန် စသည့် အဖွဲ့ဝင် ၇ နိုင်ငံနှင့်အတူ တောင်ကိုရီးယား နိုင်ငံသည်လည်း ဖိတ်ကြားထားသည့် ဧည့်သည်တော်နိုင်ငံအဖြစ် တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

 တောင်ကိုရီးယား သမ္မတ လီဂျေမြောင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်

ခေါင်းဆောင်များ ဓာတ်ပုံရိုက်ရန် စုဝေးနေစဉ် လီဂျေမြောင်က ထရမ့်ထံသို့ ချဉ်းကပ်ခဲ့ပြီး ၎င်းတို့နှစ်ဦးသည် စက္ကန့် ၃၀ ခန့် စကားပြောဆိုခဲ့ကြသည်။

၎င်းတို့နှစ်ဦး၏ စကားပြောဆိုမှုသည် တရားဝင် နှစ်နိုင်ငံ တွေ့ဆုံပွဲ မဟုတ်ဘဲ ကြိုတင်စီစဉ်ထားခြင်း မရှိသည့် တွေ့ဆုံမှု တစ်ခုသာဖြစ်ပြီး နှစ်နိုင်ငံကြား တရားဝင် ထိပ်သီး အစည်းအဝေး ကျင်းပမည့် ရက်စွဲ တစ်ခုအတွက် ဆက်လက် ညှိနှိုင်းဆောင်ရွက်နေဆဲဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတရုံးက ထုတ်ပြန်ခဲ့သည်။

ထရမ့်သည် ၂၀၁၈ ခုနှစ် ဇွန်လက စင်္ကာပူနိုင်ငံ၌ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) နှင့် အစည်းအဝေး ပြုလုပ်ခဲ့ပြီးနောက် အတူယှဉ်တွဲ လမ်းလျှောက်နေသည့် ဓာတ်ပုံကို ၎င်း၏ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဇွန်လ ၁၄ ရက်က တင်ခဲ့ပြီးနောက် အမေရိကန်နှင့် မြောက်ကိုရီးယားကြား သံတမန်ဆွေးနွေး မှုများ ပြန်လည် စတင်လာနိုင်ခြေရှိသည့် ထင်ကြေးပေးမှုများကို မြင့်တက်စေခဲ့သည်။

Source: The Korea Times