CNI International News
ဆိုးလ်၊ ဖေဖော်ဝါရီ ၂၆
တောင်ကိုရီးယားနှင့် အမေရိကန်တို့သည် Freedom Shield ဟု အမည်ပေးထားသည့် ပူးတွဲစစ်ရေး လေ့ကျင့်မှု များကို မတ်လ ၉ ရက်မှ ၁၉ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း နှစ်နိုင်ငံစလုံးမှ စစ်ဘက်ဆိုင်ရာ တာဝန်ရှိ သူများက ဖေဖော်ဝါရီ ၂၅ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
နှစ်စဉ်ပြုလုပ်လေ့ရှိသည့် ထိုစစ်ရေး လေ့ကျင့်မှုသည် ခုခံကာကွယ်ရေး အတွက်ဖြစ်ကြောင်း တာဝန်ရှိသူများက သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
သို့သော် မြောက်ကိုရီးယားကမူ တောင်ကိုရီးယားနှင့် အမေရိကန်တို့၏ စစ်ရေးလေ့ကျင့်မှုများသည် ကျူးကျော် ဝင်ရောက်ရန် အစမ်းလေ့ကျင့်မှုများဖြစ်ကြောင်း ပြောကြားခဲ့ကာ ထိုစစ်ရေး လေ့ကျင့်မှုများကို ရှုံ့ချလေ့ရှိသည်။
ယခုစစ်ရေး လေ့ကျင့်မှုသည် အမေရိကန်၏ စစ်ပွဲကာလ စစ်ဆင်ရေး ကွပ်ကဲမှုအာဏာကို တောင်ကိုရီးယားထံ လွှဲပြောင်းပေးရန် ပြင်ဆင်နေမှုများကို အထောက်အကူ ဖြစ်စေနိုင်လိမ့်မည်ဟုလည်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
တောင်ကိုရီးယားသည် သမ္မတ လီဂျေမြောင် (Lee Jae Myung) ၏ သက်တမ်း မကုန်ဆုံးမီ ၂၀၃၀ ပြည့်နှစ် မတိုင်ခင် စစ်ဘက်ဆိုင်ရာ ကွပ်ကဲမှုအာဏာကို အမေရိကန်ထံမှ လွှဲပြောင်းရယူရန် ရည်မှန်းထားသည်။

တောင်ကိုရီးယားနဲ့ အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်နေစဉ်
လာမည့်လတွင် ပြုလုပ်မည့် စစ်ရေးလေ့ကျင့်မှု၌ မြောက်ကိုရီးယား၏ နျူကလီးယားလက်နက်များနှင့် ပတ်သက် သည့် အစီအစဉ်များကိုလည်း ထည့်သွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တောင်ကိုရီးယားနှင့် အမေရိကန် တာဝန်ရှိသူများက ပြောကြားခဲ့သည်။
သမ္မတ လီသည် မြောက်ကိုရီးယားနှင့် တင်းမာနေသော ဆက်ဆံရေးကို ပြန်လည်ကောင်းမွန်လာစေရန် ကြိုးပမ်း ခဲ့သော်လည်း မြောက်ကိုရီးယား အစိုးရကမူ လီ၏ ကြိုးပမ်းမှုများကို လက်မခံဘဲ ပယ်ချခဲ့သည်။
တောင်ကိုရီးယား အစိုးရအနေဖြင့် မြောက်ကိုရီးယားကို ချဉ်းကပ်ရာတွင် အထောက်အကူ ဖြစ်စေရန်အတွက် Freedom Shield စစ်ရေးလေ့ကျင့်မှုအတွင်း မြေပြင်လေ့ကျင့်ခန်းများအား လျှော့ချရန် အဆိုပြုခဲ့သော်လည်း အမေရိကန်က ငြင်းပယ်ခဲ့ကြောင်း တောင်ကိုရီးယားမီဒီယာများက ဖော်ပြခဲ့ကြသည်။
မြေပြင်စစ်ရေး လေ့ကျင့်မှုများကို ညှိနှိုင်းပြင်ဆင်ရန် ဆွေးနွေးမှုများ ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ကြောင်း တာဝန်ရှိသူများက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။
လက်ရှိတွင် မြောက်ကိုရီးယားနိုင်ငံသည် နဝမအကြိမ်မြောက် အလုပ်သမားပါတီ ညီလာခံ ကျင်းပလျက်ရှိသည်။
Source: ရိုက်တာ
