CNI International News
နယူးဒေလီ၊ ဖေဖော်ဝါရီ ၂၆
အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံမြောက်ပိုင်းရှိ မြေရှားသတ္တု သယံဇာတများကြောင့် ဒုတိယကမ္ဘာစစ်အတွင်းက တည်ဆောက်ခဲ့သည့် စတီးဝဲလ်လမ်းဟောင်း (Stillwell Road)၏ အစိတ်အပိုင်းအချို့ကို ပြန်လည်ပြင်ဆင် အသုံးပြုရန် စဉ်းစားလာခဲ့ကြောင်း IDRW သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။
ထိုလမ်းမကို ယခင်က လီဒီုလမ်းမ (Ledo Road) ဟု အမည်ပေးခဲ့ဖြစ်ပြီး ၁၉၄၅ ခုနှစ်တွင်မူ အမေရိကန် ဗိုလ်ချုပ်ကြီး ဂျိုးဆက် စတီးဝဲလ် (Joseph Stilwell) ၏ အမည်ကို အစွဲပြု၍ စတီးဝဲလ်လမ်းမဟု အမည် ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။
အိန္ဒိယအရာရှိများသည် ထိုဒေသကို ထိန်းချုပ်ထားသည့် ကချင်လက်နက်ကိုင်(KIA)အပြင် မြန်မာအစိုးရနှင့်လည်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကာ ဒစ်ပရိုစီယမ်(Dysprosium)နှင့် တာဘီယမ်(Terbium)ကဲ့သို့ မြေရှားသတ္တု အချို့၏ နမူနာများကို ရရှိခဲ့သည်ဟု ဆိုသည်။
ထိုမြေရှားသတ္တုများသည် လျှပ်စစ်ကားများ၊ ဒုံးကျည်များ၊ တိုက်လေယာဉ်အင်ဂျင်များ၊ ဆိုနာ စနစ်များ၊ ဒရုန်း များနှင့် ဂြိုဟ်တု ဆက်သွယ်ရေး စနစ်များတွင် မပါမဖြစ် အသုံးပြုရသည့် သတ္တု အမျိုးအစားများ ဖြစ်သည်။

လီဒိုလမ်းကို တွေ့ရစဉ်
လက်ရှိတွင် မြန်မာနိုင်ငံမှ ထွက်ရှိသော မြေရှားသတ္တု ကုန်သွယ်မှုကို တရုတ်နိုင်ငံက အဓိက ချုပ်ကိုင်ထားပြီး အများစုမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်ရာဒေသမှ ထွက်ရှိသည့် မြေရှားသတ္တုများဖြစ်သည်။
အိန္ဒိယ၏ အာသံပြည်နယ် တင်ဆူကီးယား (Tinsukia) ခရိုင်ရှိ လီဒိုမြို့မှ အာရုနာချယ်လ် (Arunachal) ပြည်နယ် နယ်စပ်ရှိ ပန်ဆောင်လမ်းဆုံ (Pangsau Pass) အထိ လမ်းပိုင်းမှာ ကောင်းမွန်သော အနေအထားတွင် ရှိနေသေး သည်။
ထိုမှတစ်ဆင့် မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းကို ဖြတ်ပြီး ကချင်ပြည်နယ်မြောက်ပိုင်း မြစ်ကြီးနားမြို့အထိ လမ်းပိုင်းမှာ မူ အသုံးပြုနိုင်သော်လည်း ပြုပြင်မှုများနှင့် လမ်းချဲ့မှုများ လိုအပ်လိမ့်မည်ဟု အရာရှိများက ဆိုသည်။
ဒုတိယကမ္ဘာစစ်အတွင်းက အမေရိကန်ဗိုလ်ချုပ် ဂျိုးဇက် စတီးဝဲလ် တည်ဆောက်ခဲ့သည့် ကီလိုမီတာ ၁၇၀၀ ရှည်လျားသော သမိုင်းဝင် စတီးဝဲလ်လမ်းမကြီးသည် ဒုတိယကမ္ဘာစစ်ပြီးနောက် မြန်မာနိုင်ငံအတွင်း တိုင်းရင်း သား လက်နက်ကိုင်များ နယ်မြေခွဲဝေ စိုးမိုးလာချိန်တွင် သစ်တောများဖုံးပြီး ပျောက်ကွယ်လုနီးပါး ဖြစ်ခဲ့ရသည်။

မြန်မာ့မြေရှားသတ္တု တူးဖော်နေကြစဉ်
လက်ရှိ စီမံကိန်းရေးဆွဲထားသည်မှာ လီဒိုမှ မြစ်ကြီးနားအထိ ကီလိုမီတာ ၄၀၀ ခန့် ရှည်လျားသော လမ်းပိုင်းဖြစ် သည်။
ကချင်ပြည်နယ်တွင် ကျောက်စိမ်း၊ ရွှေနှင့် ပယင်း သယံဇာတများလည်း ကြွယ်ဝသော်လည်း ဝေးလံခေါင်သီပြီး တောတောင်ထူထပ်သည့် ကချင်ပြည်နယ်၏ မြေရှားသတ္တုများကို တရုတ်က ချုပ်ကိုင်ထားသည့် အခြေအနေ ကြောင့် နိုင်ငံတကာက စိတ်ဝင်စားလာကြသည်။
မြေရှားသတ္တုများသည် ခေတ်မီနည်းပညာများအတွက် မရှိမဖြစ် လိုအပ်သည့် သတ္တုဒြပ်စင် ၁၇ မျိုးဖြစ်သည်။
၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံသို့ မြေရှားသတ္တု တင်ပို့သည့် အဓိကနိုင်ငံဖြစ်ခဲ့ပြီး တရုတ်၏ တင်သွင်းမှု စုစုပေါင်း၏ ၉၈ ရာခိုင်နှုန်းခန့်ကို ထောက်ပံ့ပေးခဲ့ရာ ထိုတစ်နှစ်တည်းမှာပင် တန်ချိန် ၉၀၀၀ ကျော် အထိ ရှိခဲ့သည်။
