CNI International News
ဘန်ကောက်၊ ဖေဖော်ဝါရီ ၂၀
မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးရရှိစေရန် နယ်စပ်ဒေသတစ်လျှောက်ရှိ မြန်မာတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဒေသန္တရအဆင့် ထိတွေ့ဆက်ဆံမှုများကို ကူညီဆောင်ရွက်ပေးရန် တောင်းဆိုလာမည် ဆိုပါက ထိုင်းနိုင်ငံက ကူညီပေးရန် အသင့်ရှိနေကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး သီဟဆက် ဖူအန်ကက်ကော (Sihasak Phuangketkaew) က ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြောကြားခဲ့သည်ဟု Thai PBS World မှ ဖော်ပြခဲ့ သည်။
မြန်မာနိုင်ငံတွင် ပြည်တွင်းရေး သင့်မြတ်မှု ရရှိမှသာ ငြိမ်းချမ်းရေး ရရှိမည်ဖြစ်သဖြင့် နှစ်ဖက် အဖွဲ့အစည်းများကို ဆွေးနွေးမှုများ ပြုလုပ်ရန် မိမိတို့အနေဖြင့် တိုက်တွန်းမည် မဟုတ်ဘဲ ပြည်တွင်းရေး ဆွေးနွေးညှိနှိုင်းမှုများကို စတင်ရန်မှာ မြန်မာနိုင်ငံအပေါ်တွင်သာ မူတည်ကြောင်း သီဟဆက်က ပြောသည်။
“ကျနော်တို့ တတ်နိုင်တဲ့ နည်းလမ်းတွေနဲ့ ကူညီပေးဖို့ ဆန္ဒရှိပါတယ်။ အထူးသဖြင့် ဆွေးနွေးမှုတွေ ဖြစ်လာအောင် ပံ့ပိုးပေးဖို့ပါ။ ဒါပေမဲ့ ဘာတွေ ဆွေးနွေးရမယ်ဆိုတာကိုတော့ ကျနော်တို့က ဝင်ရောက်စွက်ဖက်မှာ မဟုတ်ပါဘူး။ နောက်ဆုံးမှာတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာ မြန်မာနိုင်ငံအတွင်းကပဲ ထွက်ပေါ်လာရမှာ ဖြစ်ပါတယ်" ဟု သီဟဆက်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး သီဟဆက် ဖူအန်ကက်ကောကို တွေ့ရစဉ်
သီဟဆက်သည် ဖူးခက် (Phuket) မြို့၌ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် အလွတ်သဘော ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီးနောက် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် မကြာသေးမီက ကျင်းပခဲ့သော ရွေးကောက်ပွဲများသည် အဆင်ပြေ ချောမွေ့စွာ ပြီးမြောက်ခဲ့ပြီး သင်္ကြန်ကာလမတိုင်မီ အစိုးရသစ်တစ်ရပ် ဖွဲ့စည်းနိုင်မည်ဟု မျှော်လင့်ရကြောင်း ဦးသန်းဆွေက ပြောကြားခဲ့ သည်ဟု သီဟဆက်က ဆိုသည်။
မြန်မာနိုင်ငံသည် လက်ရှိတွင် အစိုးရသစ် ဖွဲ့စည်းရန် လုပ်ဆောင်နေပြီး အစိုးရဖွဲ့ပြီးနောက် လွှတ်တော် ခေါ်ယူ ခြင်းနှင့် နိုင်ငံတော်သမ္မတ၊ ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ကဲ့သို့ အဓိက ရာထူးနေရာများကို ခန့်အပ်ခြင်းများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် လုပ်ပိုင်ခွင့် အာဏာများကို ပိုမိုခွဲဝေ အပ် နှင်းသွားမည်ဖြစ်ကြောင်း သီဟဆက်က ပြောကြားခဲ့သည်။
နောက်တက်လာမည့် မြန်မာအစိုးရသစ် အနေဖြင့် တည်ငြိမ်မှုကို ပြန်လည် ဖော်ဆောင်ရန်နှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို လုပ်ဆောင်ရန် ရည်မှန်းထားပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဒီမိုကရေစီလိုလားသော အင်အားစုများ အပါအဝင် အတိုက်အခံ အဖွဲ့အစည်းများနှင့် ဆွေးနွေးရန် လမ်းဖွင့်ထား ကြောင်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး သီဟဆက် ဖူအန်ကက်ကောကို တွေ့ရစဉ်
မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု ရှိလာသည်ကို ထိုင်းနိုင်ငံအနေဖြင့် မြင်တွေ့ လိုကြောင်း၊ ထိုအခြေအနေသည် ထိုင်းနိုင်ငံ၏ အမျိုးသားလုံခြုံရေးသာမက နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်း ဆောင် ရွက်မှုများအတွက်ပါ အကျိုးရှိစေမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ထို့ပြင် မြန်မာနိုင်ငံကို အာဆီယံနှင့် ပြန်လည်ထိတွေ့ ဆက်ဆံနိုင်ရန်အတွက် ထိုင်းနိုင်ငံက ပေါင်းကူးတံတား အဖြစ် ဆောင်ရွက်ပေးရန် အသင့်ရှိကြောင်း၊ သို့သော် မြန်မာနိုင်ငံ အနေဖြင့် ၎င်း၏ တုန့်ပြန်ဆောင်ရွက်မှုများကို အာဆီယံနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းကို ချပြရန်လိုအပ်ကြောင်း သီဟဆက်က ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံ၏ မူဝါဒသည် အာဆီယံ၏ မြန်မာ့အရေး ဘုံသဘောတူညီချက် ၅ ရပ်နှင့်အညီ အာဆီယံနှင့် မြန်မာနိုင်ငံ အကြား တိုက်ရိုက် ထိတွေ့ဆက်ဆံမှုများကို ပြန်လည် အသက်သွင်းရန် ဖြစ်ကြောင်းလည်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။
Source: Thai PBS World
