CNI International News

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၀

နိုက်ဂျီးရီးယားတွင် ခရစ်ယာန်ဘာသာဝင်များ အသတ်ခံနေရသဖြင့် စစ်ရေးအရ ဝင်ရောက်မည်ဟု အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump)က ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် ခြိမ်းခြောက်ခဲ့သော်လည်း လက်ရှိတွင် အမေရိကန်နှင့် နိုက်ဂျီးရီးယားကြား စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာလာခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

နိုက်ဂျီးရီးယားတွင် ခရစ်ယာန်ဘာသာဝင်များ သတ်ဖြတ်ခံနေရသဖြင့် အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက လက်နက်အင်အား အပြည့်အစုံဖြင့် ဝင်ရောက်ရန် ပြင်ဆင်နေသည်ဆိုသည့် ထရမ့်၏ လူမှုမီဒီယာ၌ တင်ခဲ့သည့် ပို့စ်ကြောင့် နိုက်ဂျီးရီးယားမှာ စိုးရိမ်မှုများ မြင့်တက်ခဲ့သည်။

နိုက်ဂျီးရီးယားသမ္မတ ဘိုလာ အာမက် တင်နူဘူ (Bola Ahmed Tinubu) ဦးဆောင်သော နိုင်ဂျီးရီးယားအစိုးရကမူ ထရမ့်၏ စွပ်စွဲချက်များကို ချက်ချင်းငြင်းဆိုခဲ့ပြီး မိမိတို့နိုင်ငံသည် လက်နက်ကိုင်အဖွဲ့များနှင့် ဓားပြအုပ်စုများ ကြောင့် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသော်လည်း ခရစ်ယာန်များကို သီးသန့် ပစ်မှတ်ထားနေ သည် ဆိုခြင်းမှာ မမှန်ကန်ကြောင်း၊ ခရစ်ယာန်များသာမက မွတ်ဆလင် လူ့အဖွဲ့အစည်းများနှင့် ရိုးရာယုံကြည် ကိုးကွယ်သူများမှာလည်း တိုက်ခိုက်ခံနေရကြောင်း ပြောကြားခဲ့သည်။

 အမေရိကန်နဲ့ နိုက်ဂျီးရီးယား ကိုယ်စားလှယ်ကို တွေ့ရစဉ်

သို့သော် ထရမ့် အစိုးရကမူ ကျေနပ်ခြင်းမရှိခဲ့ဘဲ နိုက်ဂျီးရီးယားနိုင်ငံကို ဘာသာရေး လွတ်လပ်ခွင့်နှင့် ပတ်သက် သည့် အထူးစိုးရိမ်ရသည့် နိုင်ငံများ (CPC) စာရင်းထဲသို့ ထည့်သွင်းခဲ့သည်။

ထို့ပြင် ခရစ်ယာန်များကို အကာအကွယ်ပေးရန် ပျက်ကွက်မှုအတွက် နိုက်ဂျီးရီးယား အစိုးရအပေါ် စီးပွားရေး ပိတ်ဆို့မှုများ၊ ဘဏ္ဍာရေး အကူအညီ ဖြတ်တောက်မှုများနှင့် အရေးယူမှုများ ပြုလုပ်မည်ဟု ထရမ့်က ဆက်လက် ခြိမ်းခြောက်ခဲ့သည်။

ထို့နောက် တင်နူဘူ အစိုးရသည် ထရမ့်ကို ရန်လိုသော စကားလုံးများဖြင့် ပြန်လည် တုံ့ပြန်ခဲ့ခြင်းမရှိဘဲ နိုက်ဂျီးရီးယားအစိုးရ အဆက်ဆက်အတွက် ဆူးညှောင့်ခလုပ်သဖွယ် ဖြစ်နေသည့် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများ ကို ဖြေရှင်းရာတွင် အမေရိကန်၏ အကူအညီအား ကြိုဆိုမည်ဟု ပြောကြားကာ လေသံကို ပြောင်းလဲခဲ့သည်။

နိုက်ဂျီးရီးယား အစိုးရဘက်က လေသံကို လျှော့ခဲ့ပြီးနောက် ဒီဇင်ဘာလ ၂၅ ရက် ညအချိန်တွင် အမေရိကန်သည် နိုက်ဂျီးရီးယား အနောက်မြောက်ပိုင်းအား ပြင်းထန်စွာ တိုက်ခိုက်ခဲ့ကြောင်း ထရမ့်က ပြောကြားခဲ့သည်။

သို့သော် အမေရိကန်၏ အာဖရိကစစ်ဌာနချုပ် (AFRICOM) ကမူ ထိုတိုက်ခိုက်မှုများသည် နိုက်ဂျီးရီးယား အာဏာ ပိုင်များ၏ မေတ္တာရပ်ခံချက်အရ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

နိုက်ဂျီးရီးယားသမ္မတကို သတင်းစာမှာ တွေ့ရစဉ်

အမေရိကန်နှင့် နိုက်ဂျီးရီးယားတို့အကြား ထိုကဲ့သို့ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုသည် ပိုမိုခိုင်မာ လာဖွယ်ရှိပြီး ယခု သီတင်းပတ်တွင် လက်နက်ကိုင်အဖွဲ့များကို တိုက်ခိုက်ရာတွင် နိုင်ဂျီးရီးယားစစ်သားများကို စစ်ပညာများ လေ့ကျင့် သင်တန်းပေးရန် အမေရိကန် စစ်ဘက်ဆိုင်ရာဝန်ထမ်း ၁၀၀ ခန့်သည် နိုင်ဂျီးရီးယားနိုင်ငံသို့ ရောက်ရှိ လာခဲ့သည်။

အမေရိကန် တပ်ဖွဲ့ဝင်များသည် နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးမှုနှင့် ထောက်လှမ်းရေးသတင်း အချက်အလက်များ မျှဝေမှုတို့တွင် ကူညီပေးမည်ဖြစ်ကြောင်း နိုက်ဂျီးရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

အမေရိကန်စစ်သားများသည် တိုက်ရိုက် တိုက်ခိုက်ရေး မစ်ရှင်များတွင် ပါဝင်မည် မဟုတ်သော်လည်း အကြမ်း ဖက်အဖွဲ့များကို ပစ်မှတ်ထား ချေမှုန်းရာတွင် ကူညီပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

Source: အယ်လ်ဂျာဇီးယား