CNI International News
စင်္ကာပူ၊ မေလ ၃၀
စင်္ကာပူနိုင်ငံတွင် မေလ ၂၉ ရက်မှ စတင် ကျင်းပနေပြီဖြစ်သည့် ရှန်ဂရီလာ ဆွေးနွေးပွဲ (Shangri-La Dialogue) ကို တက်ရောက်ရန်အတွက် ကမ္ဘာတစ်ဝန်းမှ ကာကွယ်ရေးဝန်ကြီးများ၊ စစ်ဘက်ဆိုင်ရာ အကြီးအကဲများနှင့် လုံခြုံရေးကျွမ်းကျင်သူများသည် စင်္ကာပူနိုင်ငံသို့ ရောက်ရှိလာကြပြီဖြစ်ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။
ရှန်ဂရီလာ ဆွေးနွေးပွဲသည် အာရှ၏ အဆင့်မြင့်ဆုံး လုံခြုံရေး ထိပ်သီး အစည်းအဝေးဖြစ်ပြီး ယခုနှစ်တွင် အရှေ့အလယ်ပိုင်းနှင့် ဥရောပတို့၌ ပဋိပက္ခများ ဖြစ်ပွားနေချိန်နှင့် အင်ဒို-ပစိဖိတ်ဒေသအပေါ် အမေရိကန်၏ ကတိကဝတ်များနှင့် ပတ်သက်ပြီး မေးခန်းများ ထွက်ပေါ်နေချိန်နှင့် တိုက်ဆိုင်နေသည်။
ထို့ပြင် အမေရိကန် အနေဖြင့် အီရန်နှင့် စစ်ပွဲ ဖြစ်ပွားနေသည့် အခြေအနေတွင် အာရှဒေသ၏ လုံခြုံရေးရပ်ဝန်း အပေါ် ထားရှိသော မဟာဗျူဟာသည် ပြောင်းလဲလာနိုင်ခြေ ရှိ/မရှိကို နိုင်ငံတကာက အထူးစောင့်ကြည့် လျက်ရှိသည်။
ယခုနှစ် အစည်းအဝေးတွင် အဓိက စောင့်ကြည့်ရမည့် အချက်များအနက် ပထမအချက်မှာ အမေရိကန်နှင့် အီရန်စစ်ပွဲ ဖြစ်သည်။

စင်္ကာပူ ရှန်ဂရီလာကို တွေ့ရစဉ်
အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိ ဟက်ဆက် (Pete Hegseth) သည် မေလ ၃၀ ရက်တွင် ရှန်ဂရီလာ ဆွေးနွေးပွဲ၌ မိန့်ခွန်း ပြောကြားမည်ဖြစ်ပြီး ထိုမိန့်ခွန်းအတွင်း အမေရိကန်၏ အင်ဒို-ပစိဖိတ် မဟာဗျူဟာကို အကြမ်းဖျင်း ထည့်သွင်း ပြောကြားသွားဖွယ်ရှိသည်။
အမေရိကန် အနေဖြင့် အင်ဒို-ပစိဖိတ်ဒေသအပေါ် လုံခြုံရေး ကတိကဝတ်များ ဆက်ပြီးပေးထားမည့် အာမခံချက် မျိုး ရရှိရန် ဒေသတွင်း မဟာမိတ်နိုင်ငံများက စောင့်ကြည့်သွားကြမည် ဖြစ်သည်။
နောက်ထပ် စောင့်ကြည့်ရမည့် အချက်မှာ အမေရိကန်-တရုတ် ဆက်ဆံရေးဖြစ်သည်။
ပြီးခဲ့သည့်နှစ် ရှန်ဂရီလာ ဆွေးနွေးပွဲတွင် ဟက်ဆက်က တရုတ်နိုင်ငံ၏ ခြိမ်းခြောက်မှု အန္တရာယ်ကို သတိပေး ပြောကြားခဲ့သဖြင့် တရုတ်အစိုးရကလည်း ဟက်ဆက်အား တရုတ်နိုင်ငံကို နာမည်ဖျက် ပုတ်ခတ်နေကြောင်း စွပ်စွဲကာ ပြင်းပြင်းထန်ထန် ပြန်လည်တုံ့ပြန် ကန့်ကွက်ခဲ့ဖူးသည်။

စင်္ကာပူ ရှန်ဂရီလာကို တွေ့ရစဉ်
နောက်ထပ် ထူးခြားချက်မှာ တရုတ်ကာကွယ်ရေးဝန်ကြီး တုံးကျွင်း (Dong Jun) သည် ပြီးခဲ့သည့် နှစ်ကလည်း ရှန်ဂရီလာဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ခြင်း မရှိဘဲ ယခုနှစ်တွင်လည်း ၂ နှစ်ဆက်တိုက်အဖြစ် တက်ရောက်မည် မဟုတ်ပေ။
တရုတ်သည် ကာကွယ်ရေးဝန်ကြီးအား စေလွှတ်မည့်အစား ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အမျိုးသား ကာကွယ်ရေး တက္ကသိုလ်မှ ကိုယ်စားလှယ်အဖွဲ့ကိုသာ စေလွှတ်သွားမည်ဖြစ်သည်။
ထို့ပြင် ထိုင်ဝမ်အရေး၊ ဂျပန်၏ ကာကွယ်ရေး မူဝါဒ အပြောင်းအလဲ၊ တောင်တရုတ် ပင်လယ်အရေး တို့သည် လည်း ယခုနှစ် ရှန်ဂရီလာ ဆွေးနွေးပွဲတွင် စောင့်ကြည့်ရမည့် အရေးကိစ္စများ ဖြစ်နေသည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
Source: Nikkie Asia
