CNI International News

မက္ကဆီကိုစီးတီး၊ မေလ ၃၀

မက္ကဆီကိုနိုင်ငံ၏ အောက်လွှတ်တော်က ပြည်ပ၏ ဝင်ရောက်စွက်ဖက်မှုများ ရှိလာပါက ရွေးကောက်ပွဲရလဒ် များကို ပျက်ပြယ်ခွင့်ပြုမည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်တစ်ရပ်ကို အတည်ပြုခဲ့ကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

ဝေဖန်ရေးသမားများကမူ ယခုလုပ်ရပ်သည် ရွေးကောက်ပွဲ လုပ်ငန်းစဉ်အပေါ် လူထု၏ ယုံကြည်လေးစားမှုကို ထိခိုက်စေနိုင်ပြီး တရားဝင် ထွက်ပေါ်လာသည့် ရွေးကောက်ပွဲ ရလဒ်များနှင့်ပတ်သက်ပြီး အငြင်းပွားမှုများ ဖြစ်လာစေနိုင်ကြောင်း ပြောကြားခဲ့သည်။

ထိုကဲ့သို့ ရွေးကောက်ပွဲ ရလဒ်ဆိုင်ရာ ပြင်ဆင်ပြောင်းလဲမှု အဆိုပြုချက်ကို မေလ ၂၈ ရက်က ပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ထောက်ခံမဲ ၃၀၇ မဲ၊ ကန့်ကွက်မဲ ၁၂၈ မဲနှင့် ကြားနေမဲ ၁ မဲဖြင့် အတည် ပြုခဲ့ခြင်း ဖြစ်သည်။

ထိုပြင်ဆင်ချက်ကြောင့် ရွေးကောက်ပွဲတစ်ခုကို တရားမဝင်ကြောင်း ကြေညာနိုင်သည့် အကြောင်းရင်းများထဲတွင် “ပြည်ပမှ ဝင်ရောက်စွက်ဖက်ခြင်း” ဆိုသည့်အချက် ထပ်မံတိုးလာမည် ဖြစ်သည်။

ယခုဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်သည် လာမည့် ၂၀၂၇ ခုနှစ်၊ ဇွန်လတွင် ကျင်းပမည့် ဖက်ဒရယ် ရွေးကောက်ပွဲများအပေါ် သက်ရောက်မှု ရှိနိုင်ခြေ နည်းပါးပြီး၊ ဥပဒေအဖြစ် အာဏာတည်ရန်အတွက် အထက် လွှတ်တော်၏ အတည်ပြုချက် ရယူရန် လိုအပ်နေသေးသည်။

မက္ကဆီကို လွှတ်တော်ကို တွေ့ရစဉ်

ယခုပြုပြင်ပြောင်းလဲမှုတွင် ပြည်ပမှ ဝင်ရောက် စွက်ဖက်ခြင်း ဆိုသည့် သတ်မှတ်ချက်ကို "တရားမဝင် ငွေကြေး ထောက်ပံ့ခြင်း၊ ဝါဒဖြန့်ခြင်း၊ သတင်းမှားများကို စနစ်တကျ ဖြန့်ဝေခြင်း၊ ဒစ်ဂျစ်တယ် နည်းပညာဖြင့် လှည့်ဖြား ခြင်းနှင့် ပြည်ပအစိုးရများ သို့မဟုတ် 
ကိုယ်စားလှယ် အဖွဲ့အစည်းများ၏ ကြားဝင်ပတ်သက်ခြင်း" ဟု အဓိပ္ပာယ် ဖွင့်ဆိုထားသည်။

ထို့ပြင် လူထု၏ သဘောထား အမြင်အပေါ် လွှမ်းမိုးရန် ရည်ရွယ်သည့် နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေး သို့မဟုတ် မီဒီယာပိုင်းဆိုင်ရာ ဖိအားပေးမှုများကိုလည်း ထိုအဓိပ္ပာယ် ဖွင့်ဆိုချက်ထဲတွင် ထည့်သွင်းထားသည်။

အောက်လွှတ်တော်ရှိ အာဏာရ Morena ပါတီ၏ ခေါင်းဆောင်ဖြစ်သူ ရီကာဒို မွန်ရီရယ် (Ricardo Monreal) ကမူ ပြည်ပအင်အားစုများ အနေဖြင့် ရွေးကောက်ပွဲရလဒ်များကို ကြိုးကိုင်ခြယ်လှယ်ခြင်းမှ တားဆီးရန် ပိုမိုခိုင်မာသော ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကာကွယ်မှုများ လိုအပ်ကြောင်း ထော က်ပြခဲ့ပြီး ယခုအစီအမံသည် မက္ကဆီကိုနိုင်ငံ ၏ ဒီမိုကရေစီကို မဖြစ်မနေ ကာကွယ်စောင့်ရှောက်ရန်အတွက် လိုအပ်သည့်အချက် ဖြစ်သည်ဟု ပြောဆိုခဲ့သည်။

အတိုက်အခံ လွှတ်တော်အမတ်များကမူ အာဏာရပါတီ အနေဖြင့် ၎င်းတို့၏ ပြုပြင်ပြောင်းလဲမှုကို မှန်ကန် ကြောင်း ပြသရန်အတွက် ပြည်ပ၏ ခြိမ်းခြောက်မှုကို ချဲ့ကားပြောဆိုနေခြင်း ဖြစ်သည်ဟု စွပ်စွဲခဲ့သည်။

Source: အယ်လ်ဂျာဇီးယား