CNI International News

ဝါရှင်တန်၊ မေလ ၃၀

တရုတ်နိုင်ငံသည် လူသူ အရောက်အပေါက်နည်းသည့် သဲကန္တာရတစ်ခုအတွင်းရှိ နျူကလီးယား ဒုံးကျည်များ သိုလှောင်ထားသည့် နေရာအနီးတွင် ဒုံးပစ်စင်များ၊ ဘန်ကာများနှင့် ဆက်သွယ်ရေး စခန်းများကို တည်ဆောက် နေကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

တရုတ်နျူကလီးယား လက်နက်တိုက်ကို တွေ့ရစဉ်

အမေရိကန်က တရုတ်၏ နျူကလီးယား လက်နက်တိုက်ကို ကြိုတင်လက်ဦးမှုယူပြီး ဗုံးကြဲ တိုက်ခိုက်လာခဲ့ပါက တရုတ်က ပြန်လည် တုံ့ပြန် တိုက်ခိုက်နိုင်စွမ်းကို ခိုင်မာအားကောင်းစေရန် ရည်ရွယ်ပြီး ထိုကဲ့သို့ စစ်ဘက်ဆိုင်ရာ အခြေခံ အဆောက်အအုံများကို တည်ဆောက်ထားပုံရကြောင်း လုံခြုံရေးပညာရှင်အချို့က ပြောကြားခဲ့သည်။

တရုတ်နျူကလီးယား လက်နက်တိုက်ကို တွေ့ရစဉ်

တရုတ်နိုင်ငံ၏ နျူကလီးယား ဒုံးကျည်များသည် လက်ရှိအချိန်တွင် အမေရိကန်ပြည်ထောင်စုရှိ မည်သည့် မြို့ပြ ဆီသို့မဆို ရောက်ရှိ ပစ်ခတ်နိုင်စွမ်း ရှိနေပြီဖြစ်သည်။

ရိုက်တာသတင်းဌာနက လေ့လာဆန်းစစ်ခဲ့သည့် ဂြိုဟ်တု ဓာတ်ပုံများအရ  မြေအောက်တွင် တည်ဆောက် ထားသည့်  တရုတ်စစ်တပ်၏ တာဝေးပစ် ဒုံးကျည်များ ထားရှိရာ နျူကလီးယား ဒုံးကျည် စခန်းများ အနီးတွင် ဒုံးကျည် ပစ်လွှတ်စင်များ၊ မြေအောက် ဘန်ကာများနှင့် ဆက်သွယ်ရေးစခန်းများ ပါဝင်သည့် ကျယ်ပြန့်သော ကွန်ရက်ကြီးတစ်ခုကို တည်ဆောက်နေကြောင်း တွေ့ရှိခဲ့သည်။

တရုတ်နျူကလီးယား လက်နက်တိုက်ကို တွေ့ရစဉ်

ထိုဂြိုဟ်တုဓာတ်ပုံများကို ဆန်းစစ်သုံးသပ်ပေးခဲ့သည့် လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ ၃ ဦး၏ အဆိုအရ ဓာတ်ပုံ များထဲတွင် တရုတ်နိုင်ငံ၏ ရွှေ့လျားဒုံးကျည် ပစ်လွှတ်စင်များနှင့် လေကြောင်းရန် ကာကွယ်ရေးတပ်ခွဲများ အသုံး ပြုနိုင်ခြေရှိသည့် ဒုံးလွှတ်စင်ပေါင်း ၈၀ ကျော်ကို မြင်တွေ့ရသည်။

တရုတ်နျူကလီးယား လက်နက်တိုက်ကို တွေ့ရစဉ်

ထို့ပြင် အီလက်ထရွန်နစ် စစ်ဆင်ရေး၊ ဂြိုဟ်တု ဆက်သွယ်ရေးနှင့် ကွပ်ကဲမှု လုပ်ငန်းများအတွက် အသုံးပြုနိုင်မည့် အဆောက်အအုံများကိုလည်း မြင်တွေ့ရသည်။

တရုတ်နျူကလီးယား လက်နက်တိုက်ကို တွေ့ရစဉ်

ယခင်က သတင်းထုတ်ပြန်ထားခြင်း မရှိသည့် ယခု ဆောက်လုပ်ရေး လုပ်ငန်းခွင်၏ အနေအထားကို သုံးသပ်ရ မည်ဆိုပါက တရုတ်နိုင်ငံ၏ မြေပြင်အခြေစိုက် နျူကလီးယား တပ်ဖွဲ့များကို ကာကွယ်ရန်နှင့် စီမံခန့်ခွဲရန် ရည်ရွယ် ပြီး ကြံ့ခိုင်မှု မြှင့်တင်ထားသည့် အခြေခံ အဆောက်အအုံများကို အကြီးအကျယ် တိုးချဲ့လာနေခြင်းကို ပြသနေ သည်။

တရုတ်နျူကလီးယား လက်နက်တိုက်ကို တွေ့ရစဉ်

“အခုတည်ဆောက်နေတဲ့ အခြေခံ အဆောက်အအုံတွေက မြေအောက် ဒုံးကျည်စခန်းတွေရဲ့ အနီးက သဲကန္တာရ ထဲမှာ စတုရန်း ကီလိုမီတာ ထောင်နဲ့ချီပြီး ကျယ်ဝန်းတဲ့အထိ အကြီးအကျယ် တိုးချဲ့ဆောက်လုပ်နေတာကို မြင်တွေ့ရပါတယ်”ဟု ဟာဝိုင်အီအခြေစိုက် Pacific Forum မဟာဗျူဟာလေ့လာရေးအဖွဲ့၏ တွဲဖက်သုတေသန ပညာရှင် အလက်ဇန္ဒား နေးလ် (Alexander Neill) က ပြောကြားသည်။

တရုတ်နျူကလီးယား လက်နက်တိုက်ကို တွေ့ရစဉ်

တရုတ်နိုင်ငံ၏ နျူကလီးယား စစ်အင်အား တိုးချဲ့လာမှုသည် သမ္မတ ရှီကျင့်ဖျင် (Xi Jinping) ၏ စစ်ဘက်ဆိုင်ရာ ခေတ်မီ ဆန်းသစ်ရေး လုပ်ငန်းစဉ်များအနက် နိုင်ငံတကာက စေ့စပ်သေချာစွာ စောင့်ကြည့်နေရသည့် လှုပ်ရှားမှု တစ်ခုဖြစ်နေသည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

Source: ရိုက်တာ