CNI International News

ဘဂ္ဂဒက်၊ ဇန်နဝါရီ ၁၉

အမေရိကန်နှင့် အီရတ်ကြား ချုပ်ဆိုထားသော သဘောတူညီချက်အရ အီရတ်နိုင်ငံအနောက်ပိုင်းရှိ လေတပ်စခန်း တစ်ခုမှ အမေရိကန်တပ်ဖွဲ့ဝင်များအားလုံး အပြီးသတ် ရုပ်သိမ်းသွားပြီဖြစ်ကြောင်း အီရတ်အရာရှိများက ပြော ကြားခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။

အမေရိကန်နှင့် အီရတ် အစိုးရတို့သည် အီရတ်နိုင်ငံအတွင်းရှိ IS အကြမ်းဖက်အဖွဲ့ကို တိုက်ခိုက်နေသည့် အမေရိကန်ဦးဆောင်သော မဟာမိတ်တပ်ဖွဲ့များကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတွင် အဆုံးသတ်ရန်နှင့် အခြေစိုက် စခန်းများမှ အမေရိကန်တပ်များ ထွက်ခွာရန် ၂၀၂၄ ခုနှစ်၌ သဘောတူညီခဲ့ကြခြင်း ဖြစ်သည်။

သို့သော် အမေရိကန်စစ်ဘက်ဆိုင်ရာ အကြံပေးများနှင့် အကူအညီပေးရေး ဝန်ထမ်းအနည်းငယ်သာ ပါဝင်သည့် အဖွဲ့ငယ်တစ်ခုမှာ အီရတ်တွင် ဆက်လက် ကျန်ရှိနေခဲ့သည်။

အီရတ်ဝန်ကြီးချုပ် မိုဟာမက် ရှီယာ အယ်လ်-ဆူဒါနီ (Mohammed Shia al-Sudani) က မူလ သဘောတူညီ ချက်တွင် အီရတ်အနောက်ပိုင်းရှိ အိန်းအယ်လ်-အာဆတ် (Ain al-Asad) လေတပ်စခန်းမှ အမေရိကန်တပ်ဖွဲ့များ အားလုံး ပြီးခဲ့သည့်နှစ် စက်တင်ဘာလတွင် အပြီးရုပ်သိမ်းရန် သတ်မှတ်ထားကြောင်း အောက်တိုဘာလက သတင်းထောက်များကို ပြောကြားခဲ့ဖူးသည်။

အမေရိကန်တပ်ဖွဲ့ကို တွေ့ရစဉ်

သို့သော် ထိုအချိန်က ဆီးရီးယားနိုင်ငံအတွင်း ဘာရှာ အယ် အာဆတ် (Bashar al-Assad) အစိုးရကို ဖြုတ်ချရန် ကြိုးပမ်းနေသည့် လက်နက်ကိုင် တိုက်ခိုက်မှုများ ဖြစ်ပွားလာခဲ့သဖြင့် ထိုလေတပ်စခန်းတွင် အမေရိကန် စစ်ဘက် ဆိုင်ရာ အကြံပေးများနှင့် လုံခြုံရေးဝန်ထမ်း ၂၅၀ မှ ၃၅၀ ကြားရှိသည့် အသေးစား တပ်ဖွဲ့တစ်ခုကို ဆက်လက် ထားရှိရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ထိုလေတပ်စခန်းမှ အမေရိကန် တပ်ဖွဲ့များအားလုံး ထွက်ခွာသွားပြီဖြစ်ပြီး အီရတ်စစ်တပ်က ထိုလေတပ်စခန်းကို အပြည့်အဝ တာဝန်ယူ ထိန်းချုပ်ခဲ့သည်။

ဇန်နဝါရီ ၁၇ ရက်တွင်မူ အီရတ်စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး အဗ္ဗဒူ အာမီ ရာရှစ် ယာရဲလ်လာ (Abdul Amir Rashid Yarallah) သည် ထိုလေတပ်စခန်းသို့ သွားရောက်ခဲ့ပြီး စစ်ဘက်ဆိုင်ရာ ယူနစ်အသီးသီးကို လုပ်ငန်း တာဝန်များ ခွဲဝေချမှတ်ပေးခြင်းကို ကိုယ်တိုင်ကြီးကြပ်ခဲ့ကြောင်း အီရတ်စစ်တပ်က ထုတ်ပြန်ခဲ့သည်။

သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် ကြိုးပမ်းအားထုတ်မှုများကို အရှိန်မြှင့်ရန်၊ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန်နှင့် လေတပ်စခန်းတွင် အခြေစိုက်ထားသည့် တပ်ဖွဲ့များကြား ချိတ်ဆက် ဆောင်ရွက်ရန် ညွှန်ကြားခဲ့ပြီး စခန်း၏ စွမ်းဆောင်ရည်များနှင့် မဟာဗျူဟာမြောက် တည်နေရာကို အပြည့်အဝ အသုံးချရန် စစ်ဦးစီးချုပ်က တိုက်တွန်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနမှ အမည်မဖော်လိုသည့် အရာရှိတစ်ဦးကလည်း အမေရိကန်တပ်ဖွဲ့ဝင် အားလုံးသည် ထိုလေတပ်စခန်းမှ ထွက်ခွာသွားပြီဖြစ်ကြောင်း၊ အမေရိကန်စစ်ဘက်ဆိုင်ရာ အသုံးအဆောင်ပစ္စည်း များ အားလုံးကိုလည်း တစ်ပါတည်း သိမ်းဆည်း ရွှေ့ပြောင်းသွားပြီဖြစ်ကြောင်း အတည်ပြုခဲ့သည်။

သို့သော် အီရတ်လေတပ်စခန်းမှ တပ်ဖွဲ့များ ပြန်လည်ရုပ်သိမ်းမှုနှင့် ပတ်သက်ပြီး အမေရိကန်စစ်တပ်၏ တရားဝင် ထုတ်ပြန်ချက် ထွက်ပေါ်လာခြင်း မရှိသေးပေ။

Source: အေပီ