CNI International News

ဘဂ္ဂဒက်၊ ဩဂုတ် ၇

အီရတ်နိုင်ငံရှိ စစ်စခန်းတစ်ခု ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခံရပြီး အမေရိကန်စစ်သား ၅ ဦးထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု အမေရိကန်တာဝန်ရှိသူများက ပြောကြားခဲ့ကြောင်း အယ်ဂျားဇီးယားသတင်းတွင် ဖော်ပြ ထားသည်။

လွန်ခဲ့သည့် သီတင်းပတ်က ဟားမာ့စ်နှင့် ဟစ်ဇ်ဘိုလာ(Hezbollah)အဖွဲ့များ၏ အကြီးတန်းအဖွဲ့ဝင်များ အသတ် ခံရပြီးနောက် တင်းမာမှုများ မြင့်တက်နေချိန်တွင် ယင်းကဲ့သို့ တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြ ထားသည်။

ဩဂုတ် ၅ ရက်က အီရတ်အနောက်ပိုင်း အင်အယ်အက်ဆတ် လေတပ်စခန်း(Ain al-Assad)ကို Katyusha ဒုံးကျည်နှစ်စင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အီရတ်လုံခြုံရေး သတင်းအရင်းအမြစ်များက ရိုက်တာသတင်း ဌာနသို့ ပြောကြားခဲ့သည်။

အမေရိကန်စစ်သားကိုတွေ့ရစဉ်

ထိုဒုံးကျည်များသည် လေတပ်စခန်းဝင်းအတွင်း ကျရောက်ခဲ့ကြောင်း အီရတ် သတင်းအရင်းအမြစ် တစ်ခုက ပြောကြားခဲ့သော်လည်း ထိုတိုက်ခိုက်မှုသည် ဟားမာ့စ်ခေါင်းဆောင် သတ်ဖြတ်ခံရမှုနှင့်ပတ်သက်ပြီး အီရန်၏ လက်တုန့်ပြန်ခြင်း ဟုတ်/မဟုတ် ရှင်းလင်းစွာ မသိရသေးပေ။

ထိုတိုက်ခိုက်မှုကြောင့် အမေရိကန်နိုင်ငံသားတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း အမည်မဖော်လိုသည့် အမေရိကန်အရာရှိများက ပြောကြားခဲ့သည်။

ထို့ပြင် စစ်မှုထမ်းများနှင့် အရပ်သား စုစုပေါင်း ၇ ဦး ဒဏ်ရာရခဲ့သည်ဟုလည်း အမေရိကန်ကာကွယ်ရေး အရာရှိ များက ပြောကြားခဲ့သည်။

တိုက်ခိုက်မှုဖြစ်စဉ်ကို တာဝန်ရှိသူများက အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်(Joe Biden)နှင့် ဒုသမ္မတ ကာမယ်လာ ဟားရစ်(Kamela Harris) တို့ကို တင်ပြခဲ့ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။

အမေရိကန်စစ်စခန်း တိုက်ခိုက်ခံရမှုကိုတွေ့ရစဉ်

တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ထိခိုက်မှုများကို အသေးစိတ် လေ့လာစမ်းစစ်နေသည်ဟု အရာရှိများက ပြောကြား ခဲ့သည်။ 

ပြီးခဲ့သည့် သီတင်းပတ်က အီရန်နိုင်ငံတွင် ဟားမာ့စ်ခေါင်းဆောင် အစ္စမေးဟာနီယာ(Ismail Haniyeh) လုပ်ကြံ သတ်ဖြတ်ခံခဲ့ရပြီး ထိုတိုက်ခိုက်မှုကို အစ္စရေးက လုပ်ဆောင်ခဲ့ကြောင်း အီရန်က စွပ်စွဲခဲ့ကာ လက်တုန့်ပြန်သွား မည်ဟု ခြိမ်းခြောက်ခဲ့သည်။

သို့သော် အစ္စရေးကမူ ထိုတိုက်ခိုက်မှု ဖြစ်စဉ်နှင့်ပတ်သက်ပြီး တာဝန်ရှိကြောင်း ထွက်ဆိုခဲ့ခြင်းမရှိပေ။

ထို့ပြင် ပြီးခဲ့သည့် သီတင်းပတ်က အစ္စရေးသည် လက်ဘနွန်နိုင်ငံ၊ ဘေရွတ်(Beirut)မြို့တော်တွင် ဟစ်ဇ်ဘိုလာ တပ်မှူး ဖူအတ်ရှုကီယာ(Fuad Shukir)ကို ပစ်မှတ်ထား ချေမှုန်းခဲ့သဖြင့် ဒေသတွင်းတင်းမာမှု ပိုမိုမြင့်မားခဲ့သည်။

Source-အယ်ဂျားဇီးယား