CNI International News

ပဲရစ်၊ ဇန်နဝါရီ ၁၆

ဂရင်းလန်းနှင့် အီရန်အရေးကိစ္စအပေါ် နည်းလမ်းရှာဖွေရန်အတွက် ကာကွယ်ရေးဝန်ကြီး အစည်းအဝေးကို ပြင်သစ်သမ္မတ မက်ခရွန်က ခေါ်ယူခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ပြင်သစ်သမ္မတ မက်ခရွန် (Emmanuel Macron) သည် ဂရင်းလန်းကျွန်း (Greenland) ကို ရယူရန် ထုတ်ဖော် ပြောကြားထားသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ရည်ရွယ်ချက်နှင့် အီရန်နိုင်ငံအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖြစ်ပွားနေသော ဆန္ဒပြပွဲများကို အကြမ်းဖက် နှိမ်နင်းနေမှုများအား ဆွေးနွေးရန်အတွက် ဇန်နဝါရီ ၁၅ ရက်တွင် အရေးပေါ် ကာကွယ်ရေးဝန်ကြီးအဖွဲ့ အစည်းအဝေးကို ကျင်းပခဲ့ခြင်း ဖြစ်သည်။

ဒိန်းမတ်နိုင်ငံနှင့် ဒိန်းမတ်ပိုင် ဂရင်းလန်းကျွန်း အာဏာပိုင်တို့ ပူးပေါင်းစီစဉ်သည့် စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ရန် အတွက် ပြင်သစ်စစ်တပ်၏ ပထမဆုံးတပ်ဖွဲ့သည် ဂရင်းလန်းသို့ ဦးတည် သွားရောက်နေပြီဖြစ်ကြောင်း မက်ခရွန် က X လူမှုမီဒီယာတွင် ပြောကြားခဲ့သည်။

ဒိန်းမတ်နှင့် ဂရင်းလန်း အာဏာပိုင်များအပေါ် ထောက်ခံကြောင်း ပြသသည့် အနေဖြင့် ဂျာမနီ၊ နော်ဝေးနှင့် ဆွီဒင် အပါအဝင် မဟာမိတ်နိုင်ငံများကလည်း ဂရင်းလန်းကျွန်းသို့ တပ်ဖွဲ့များ စတင်စေလွှတ်နေပြီဖြစ်သည်။

ပြင်သစ်သမ္မတ မက်ခရွန်ကို တွေ့ရစဉ်

အမေရိကန်၊ ဒိန်းမတ်နှင့် ဂရင်းလန်း တာဝန်ရှိသူများအကြား အရေးပါသော ဆွေးနွေးမှုတစ်ခု ပြုလုပ်ခဲ့ပြီးနောက် ထိုကဲ့သို့ တပ်ဖြန့်မှုများ ပေါ်ပေါက်လာခြင်းဖြစ်သည်။

ဆွေးနွေးမှုများအရ ဂရင်းလန်းကျွန်း၏ အနာဂတ်နှင့် ပတ်သက်ပြီး အမေရိကန်၊ ဒိန်းမတ်နှင့် ဂရင်းလန်း အာဏာ ပိုင်များကြားတွင် ဖြေရှင်းရန် ခက်ခဲသော သို့မဟုတ် အခြေခံမှစတင်ပြီး သဘောထား ကွဲလွဲမှုများ ရှိနေဆဲဖြစ် ကြောင်း သိသာထင်ရှားစေခဲ့သည်။

“ဒိန်းမတ်နိုင်ငံရဲ့ တောင်းဆိုချက်အရ ဂရင်းလန်းမှာ ပြုလုပ်တဲ့ ပူးတွဲစစ်ရေး လေ့ကျင့်မှုတွေမှာ ပြင်သစ်လည်း ပါဝင်ဖို့ ကျနော် ဆုံးဖြတ်လိုက်ပါတယ်။ ပထမဆုံး ပြင်သစ်စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့ဝင်တွေဟာ စတင် ထွက်ခွာနေ ပြီဖြစ်ပြီး အခြားတပ်ဖွဲ့တွေလည်း ထပ်မံလိုက်ပါသွားမှာပါ” ဟု မက်ခရွန်က X လူမှုမီဒီယာတွင် ရေးသားခဲ့သည်။

ဂရင်းလန်းသို့ စေလွှတ်လိုက်သည့် ပြင်သစ်တပ်ဖွဲ့ဝင်များသည် တောင်တက်စစ်ဆင်ရေး ကျွမ်းကျင်သူများ ဖြစ်ကြောင်း ပြင်သစ်၏ ဝင်ရိုးစွန်း ဒေသဆိုင်ရာ သံအမတ်ကြီး အိုလီဗီယာ ပွားဗ် ဒါဗာ (Olivier Poivre d'Arvor) က France Info ရေဒီယိုလိုင်းကို ပြောကြားခဲ့သည်။

Source: ရိုက်တာ