CNI International News

ဘာလင်၊ ဖေဖော်ဝါရီ ၂၇

အီရန်၏ နျူကလီးယား စီမံကိန်းနှင့်ပတ်သက်ပြီး အမေရိကန်နှင့် အီရန်ကြား ဂျီနီဗာ(Geneva) မြို့တွင် ဆွေးနွေးမှု များ ထပ်မံပြုလုပ်ရန် အချိန်နီးကပ်လာသည်နှင့်အမျှ တင်းမာမှုများ မြင့်တက်လာကြောင်း DW သတင်း ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။

အကယ်၍ သဘောတူညီချက်တစ်ရပ် မရရှိခဲ့ပါက အမေရိကန်သည် စစ်ရေးအရ အရေးယူရန် အချိန်ကို စတင် သတ်မှတ် တွက်ချက်တော့မည်ဟု နိုင်ငံရေးနှင့် လုံခြုံရေးမူဝါဒရေးရာ အတွင်းစည်းများအတွင်း ရှိနေသူများက ပြောကြားနေကြသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် အီရန်အစိုးရအား ၎င်း၏ နျူကလီးယား သဘောတူ ညီချက်ဆိုင်ရာ တောင်းဆိုချက်များကို လက်ခံလာစေရန် ပထမအဆင့် ဖိအားပေးသည့် အနေဖြင့် စစ်ရေးအရ တိုက်ခိုက်မှုများကို အကန့်အသတ်ဖြင့် ပြုလုပ်ရန် စဉ်းစားနေကြောင်း ပြီးခဲ့သည့် သီတင်းပတ်က Wall Street Journal တွင် ဖော်ပြခဲ့သည်။

တစ်ဖက်တွင်လည်း ထိုလုပ်ရပ်ကြောင့် စစ်ပွဲအသွင်သို့ ကူးပြောင်းသွားနိုင်သည့် အခြေအနေကို ရှောင်လွှဲရန်  ကြိုးပမ်းနေကြောင်း ဖော်ပြထားသည်။

အမေရိကန်သမ္မတ ထရမ့်သတင်းကို ဖတ်နေစဉ်

အကယ်၍ အီရန်နိုင်ငံက အမေရိကန်၏ တောင်းဆိုချက်များကို ဆက်လက် ငြင်းဆန်နေမည်ဆိုပါက ထရမ့် အစိုးရ အနေဖြင့် အီရန် ခေါင်းဆောင်ပိုင်းကို အားနည်းသွားစေရန် သို့မဟုတ် ရာထူးမှဖယ်ရှားရန် ရည်ရွယ်သည့် ပိုမို ကျယ်ပြန့်သော စစ်ရေးလှုပ်ရှားမှုများကိုပါ ထည့်သွင်းစဉ်းစား လာနိုင်ကြောင်း ပြောဆိုမှုများရှိနေသည်။

အီရန်နိုင်ငံကမူ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (Antonio Guterres) ထံ ပေးပို့သောစာတွင် ၎င်းတို့အနေဖြင့် စစ်ပွဲစတင်ရန် ဆန္ဒမရှိကြောင်း၊ သို့သော် မိမိတို့နိုင်ငံကို စစ်ရေးအရ တိုက်ခိုက်လာပါက ကိုယ့်ကိုယ်ကို ခုခံပိုင်ခွင့် ဘောင်အတွင်းမှ ပြတ်သားစွာ တုန့်ပြန်သွားမည်ဖြစ်ကြောင်း ရေးသားခဲ့သည်။

စစ်ပွဲဖြစ်ပွားလာပါက အမေရိကန်သည် မည်သည့် ရည်မှန်းချက်များကို အကောင်အထည် ဖော်မည်ဆိုခြင်းကို မည်သူမျှ တပ်အပ် မပြောနိုင်သေးကြောင်း အစ္စရေးအခြေစိုက် အီရန်ရေးရာကျွမ်းကျင်သူနှင့် Israel Radio International မှ သတင်းထောက် တစ်ဦးဖြစ်သူ မီနာရှေး အမ်မီယာ (Menashe Amir) က ပြောကြားခဲ့သည်။

အမေရိကန်တိုက်လေယာဉ်ကို တွေ့ရစဉ်

“ဖြစ်နိုင်တာကတော့ ထရမ့် ကိုယ်တိုင်တောင် ဒီအတွက် အဖြေမှန်ကို မသိသေးတာမျိုး ဖြစ်နိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။

သို့သော် အမေရိကန်အစိုးရအဖွဲ့အတွင်း အီရန်အစိုးရ ပြုတ်ကျရေးဆိုသည့် အယူအဆမှာ ပိုမိုအားကောင်း လာသည်ဟု ဆိုသည်။

“အီရန်မှာရှိတဲ့ လက်ရှိ ခေါင်းဆောင်ပိုင်းကို အဆုံးမသတ်နိုင်သရွေ့ အရှေ့အလယ်ပိုင်းဒေသဟာ ဘယ်တော့မှ တည်ငြိမ်မှာ မဟုတ်ဘူးဆိုတဲ့ ကောက်ချက်ကို ထရမ့်က ကိုင်စွဲထားပုံပေါ်ပါတယ်” ဟု အမ်မီယာက ထပ်လောင်း ပြောဆိုခဲ့သည်။

Source: DW