CNI International News

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၅

အီရန်ကို တိုက်ခိုက်လျှင် ကြုံတွေ့ရနိုင်သည့် အန္တရာယ်များကို ထိပ်တန်းစစ်ဗိုလ်ချုပ်က သတိပေးခဲ့သည်ဟူသော သတင်းများအပေါ် ဒေါ်နယ်ထရမ့် (Donald Trump)က ပြင်းပြင်းထန်ထန် တုန့်ပြန်ဝေဖန်ခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။ 

အီရန်ကို တိုက်ခိုက်မည်ဆိုပါက ရေရှည်စစ်ပွဲအတွင်း ပိတ်မိသွားနိုင်ခြင်း၊ အမေရိကန်တပ်ဖွဲ့ဝင်များ ထိခိုက် ကျဆုံးမှုများ ရှိလာနိုင်ခြင်းတို့ အပါအဝင် ဖြစ်လာနိုင်ခြေရှိသည့် နောက်ဆက်တွဲ ဆိုးကျိုးများကို အမေရိကန်ပူးတွဲ စစ်ဦးစီးချုပ်များအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဒန်ကိန်း (Dan Caine) က သတိပေးခဲ့သည်ဟု မီဒီယာများမှ ဖော်ပြခဲ့ သည်။

မီဒီယာများ၏ ဖော်ပြချက်တွင် အမေရိကန်က အီရန်ကို စတင် တိုက်ခိုက်မည်ဆိုလျှင် အီရန်ဘက်မှ ပြန်လည် တုန့်ပြန်လာမည့် အခြေအနေများအား ဟန့်တားရန် အမေရိကန်၌ အရေးပါသည့် ခဲယမ်းများ လုံလောက်မှုမရှိခြင်း၊ ဒေသတွင်း မဟာမိတ်များ၏ ထောက်ခံမှု အားနည်းနေခြင်း အစရှိသည့် အခြေအနေများက အဟန့်အတား ဖြစ်စေ နိုင်ကြောင်း ဗိုလ်ချုပ်ကြီးကိန်းက ထရမ့်ကို ပြောကြားခဲ့သည်ဟု The Washington Post သတင်းစာမှ ဖော်ပြခဲ့ သည်။

 အမေရိကန်ပူးတွဲ စစ်ဦးစီးချုပ်များအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဒန်ကိန်းနဲ့ အမေရိကန်သမ္မတ ထရမ့်ကို တွေ့ရစဉ်

အစ္စရေးနှင့် ယူကရိန်း ကဲ့သို့သော မဟာမိတ်များကို ကူညီထောက်ပံ့ ပေးနေရမှုကြောင့် ဒုံးကျည်ကာကွယ်ရေး စနစ်သုံး ခဲယမ်းများ အပါအဝင် အမေရိကန်၏ လက်ကျန် ခဲယမ်းပမာဏမှာ နည်းပါးနေပြီဖြစ်ကြောင်း ကိန်းက အစီအရင်ခံခဲ့သည်ဟု မီဒီယာများက ဖော်ပြခဲ့သည်။

ဗိုလ်ချုပ်ကြီးကိန်း အနေဖြင့် အီရန် စစ်ဆင်ရေး၏ အတိုင်းအတာ၊ ရှုပ်ထွေးနက်နဲမှုနှင့် အမေရိကန်တပ်ဖွဲ့ဝင်များ အထိအခိုက် အကျဆုံး ရှိလာနိုင်ခြေတို့အပေါ် စိုးရိမ်ပူပန်မှုများ ရှိနေသည်ဟု ထိုအကြောင်းအရာနှင့် ပတ်သက် သည့် အတွင်းပိုင်း ဆွေးနွေးမှုများကို သိရှိသူတစ်ဦးအား ကိုးကားပြီး The Washington Post သတင်းစာက ဖော်ပြခဲ့သည်။

ထိုသတင်းများနှင့်ပတ်သက်ပြီး ထရမ့်က ဖေဖော်ဝါရီ ၂၃ ရက်တွင် လူမှုမီဒီယာပေါ်၌ တုန့်ပြန်ရာမှာ ဗိုလ်ချုပ်ကြီး ကိန်းသည် အီရန်နှင့် စစ်ပွဲဖြစ်ပွားလျှင် အလွယ်တကူ အနိုင်ရလိမ့်မည်ဟု ယုံကြည်ထားကြောင်း ထရမ့်က ရေးသားခဲ့သည်။

ထို့ပြင် The Washington Post သတင်းစာ၏ ရေးသားချက်အပေါ် ဗိုလ်ချုပ်ကြီးကိန်း၏ရုံးက တုန့်ပြန်ရာတွင် ၎င်း၏တာဝန်မှာ အမေရိကန်၏ လုံခြုံရေးဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်သည့် အရပ်ဘက် ခေါင်းဆောင်များထံ စစ်ရေးအရ ရွေးချယ်နိုင်သည့် နည်းလမ်းမျိုးစုံနှင့်အတူ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုများ တင်ပြရန် ဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။

အမေရိကန်ပူးတွဲ စစ်ဦးစီးချုပ်များအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဒန်ကိန်းနဲ့ အမေရိကန်သမ္မတ ထရမ့်ကို တွေ့ရစဉ်

Axios အွန်လိုင်း သတင်းဌာနကလည်း ဗိုလ်ချုပ်ကြီးကိန်း၏ စိုးရိမ်မှုများနှင့် ပတ်သက်ပြီး သမ္မတထရမ့်နှင့် ဆွေးနွေးမှုများကို ထပ်ဆင့်ဖော်ပြခဲ့သည်။

ဖေဖော်ဝါရီ ၂၃ ရက် ညနေပိုင်းတွင် ထွက်ပေါ်လာသည့် Axios ၏ သတင်းအရ လွန်ခဲ့သည့် သီတင်းပတ် အနည်း ငယ်အတွင်း အီရန်အရေးနှင့် ပတ်သက်၍ သမ္မတထရမ့်ကို စစ်ဘက်ဆိုင်ရာ အစီအရင်ခံစာ တင်ပြနေသူမှာ ဗိုလ်ချုပ်ကြီးကိန်း တစ်ဦးတည်းသာ ရှိကြောင်း သိရသည်။

အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန် စစ်ဆင်ရေးများကို ကြီးကြပ်ကွပ်ကဲသည့် အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM) ၏ အကြီးအကဲ ရေတပ်ဗိုလ်ချုပ်ကြီး ဘရက်ဒ် ကူးပါး (Brad Cooper) သည် ဇန်နဝါရီလ ကတည်း ကပင် အစည်းအဝေးများသို့ ဖိတ်ကြားခြင်း မခံရတော့ဘဲ သမ္မတထရမ့်နှင့်လည်း စကားပြောဆိုခွင့် မရတော့ ကြောင်း Axios သတင်းဌာနက ဖော်ပြခဲ့သည်။

သမ္မတထရမ့်ကမူ ထိုသတင်းများသည် သတင်းအမှားများဖြစ်ပြီး ဗိုလ်ချုပ်ကြီးကိန်းသည် အီရန်နှင့် စစ်ဖြစ်ရေးကို ဆန့်ကျင်နေသည်ဆိုသည့် ဖော်ပြချက်များကို ငြင်းဆိုခဲ့သည်။

“ဗိုလ်ချုပ်ကြီးက အီရန်ကို မတိုက်ခိုက်ဖို့ ဒါမှမဟုတ် ကျနော် ဖတ်နေရတဲ့ သတင်းတွေထဲကလို အကန့်အသတ်နဲ့ တိုက်ခိုက်မှုတွေကို မလုပ်ဖို့ ဘယ်တုန်းကမှ မပြောခဲ့ပါဘူး။ သူ သိတာ တစ်ခုပဲ ရှိတယ်၊ အဲဒါက ဘယ်လို အနိုင်ယူ ရမလဲ ဆိုတာပဲ။ အကယ်လို့ သူ့ကို တိုက်ခိုက်ဖို့ အမိန့်ပေးလိုက်မယ်ဆိုရင် သူဟာ ရှေ့ဆုံးကနေ ဦးဆောင်သွား မှာပါ”ဟု ထရမ့်က ပြောကြားခဲ့သည်။

Source: အယ်လ်ဂျာဇီးယား