CNI International News
ဝါရှင်တန်၊ မေလ ၂၅
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အီရန်နှင့်ဖြစ်ပွားသည့် တိုက်ပွဲတိုင်းနီးပါးတွင် အနိုင်ရခဲ့ဖွယ်ရှိသော်လည်း သုံးလအကြာမှာတော့ ထရမ့်၏ အီရန်စစ်ပွဲ အနိုင်၊ အရှုံးအပေါ် မေးခွန်းများ ထွက်ပေါ်လာခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ဟော်မုဇ်ရေလက်ကြားကို အီရန်က ထိန်းချုပ်ထားမှု၊ အမေရိကန်၏ နျူကလီးယား တောင်းဆိုမှုများအပေါ် အီရန် က တွန်းလှန်နေမှု၊ ဘာသာရေးအခြေပြု အီရန်အစိုးရ ဆက်လက် တည်မြဲနေမှုများကြောင့် ထရမ့် အနေဖြင့် ပထဝီ နိုင်ငံရေးအရ အောင်ပွဲရရှိနိုင်ခြေ ရှိ/မရှိ သံသယများ မြင့်တက်လာခဲ့သည်။
နှစ်ဖက်စလုံးသည် သေချာရေရာမှု မရှိသော သံတမန်ရေးရာများနှင့် ထရမ့်၏ စစ်ရေး ခြိမ်းခြောက်မှုများကြားတွင် အီရန်စစ်ပွဲအတွင်း အလုံးစုံ အောင်ပွဲ ရရှိခဲ့သည်ဆိုသည့် ထရမ့်၏ ပြောကြားချက်များသည် အနှစ်သာရ ကင်းမဲ့နေ သည်ဟု လေ့လာသူများက ပြောကြားခဲ့သည်။
အီရန်သည် ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ ထောက်ပံ့မှု၏ ၂၀ ရာခိုင်နှုန်းကို ပိတ်ဆို့ခဲ့ပြီးနောက် စစ်ရေးနှင့် စီးပွားရေးအရ အထိနာခဲ့သော်လည်း ဆွေးနွေးညှိနှိုင်းမှုများတွင် အသာစီးရသည့် အနေအထားကို ပိုင်ဆိုင်နိုင် ခဲ့သည်။
အကယ်၍ ညှိနှိုင်းဆွေးနွေးမှုများသည် ထရမ့်အတွက် အသာစီးရမည့်ဘက်သို့ ဦးတည်သွားပါက ၎င်း၏ သိက္ခာကို ဆယ်တင်နိုင်မည့် ထွက်ပေါက်တစ်ခုကို ရှာဖွေနိုင်ဆဲဖြစ်ကြောင်း ကျွမ်းကျင်သူအချို့က ပြောကြားခဲ့သည်။

အီရန်စစ်ပွဲ ပြရုဒ်ကို တွေ့ရစဉ်
“ကျနော်တို့ ဒီအခြေအနေထဲ ရောက်နေတာ သုံးလရှိပြီ၊ ထရမ့် အတွက်တော့ ရေတိုအတွင်း အပျော်သဘော နိုင်လိုက်ရုံ စစ်ပွဲလေး တစ်ခုအဖြစ် ရည်ရွယ်ခဲ့ပုံရပေမဲ့ ရေရှည်မှာတော့ မဟာဗျူဟာမြောက် ကျရှုံးမှုတစ်ခုဆီ ဦးတည်နေသလို ဖြစ်နေတယ်” ဟု ရီပတ်ဘလစ်ကန်နှင့် ဒီမိုကရက်တစ် အစိုးရအဖွဲ့များတွင် တာဝန်ထမ်းဆောင် ခဲ့ဖူးသည့် အရှေ့အလယ်ပိုင်းဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးမှူးဟောင်း အာရွန် ဒေးဗစ် မီလာ (Aaron David Miller) က ပြောကြားခဲ့သည်။
ယခု အီရန် အကျပ်အတည်းတွင် ထရမ့်သည် ကမ္ဘာ့အင်အားအကြီးဆုံး စစ်တပ်၏ စစ်ဦးစီးချုပ်အဖြစ် ရှိနေသော် လည်း တစ်ဖက်တွင် ဒုတိယတန်းစား အင်အားကြီးနိုင်ငံဖြစ်သည့် အီရန်ကလည်း အမေရိကန်ကို ကြံ့ကြံ့ခံ တိုက်ခိုက်နေသည်။
အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ အိုလီဗီယာ ဝေးလ်စ် (Olivia Wales) ကမူ အီရန်ကို တိုက်ခိုက်သည့် အမေရိကန် ၏ ဧပစ် ဖျူရီ စစ်ဆင်ရေး(Operation Epic Fury) စစ်ဆင်ရေးသည် သတ်မှတ်ထားသည့် စစ်ရေးရည်မှန်းချက် အားလုံးကို ပြည့်မီအောင် ဆောင်ရွက်နိုင်ရုံတင်မက သတ်မှတ်ချက်ထက်ပိုပြီး ဆောင်ရွက်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
“သမ္မတ ထရမ့်ဟာ အခြေအနေ အရပ်ရပ်ကို အကြွင်းမဲ့ ထိန်းချုပ်ထားနိုင်ပြီး ရွေးချယ်စရာ လမ်းစအားလုံး ကိုလည်း ဆွေးနွေးပွဲစားပွဲပေါ်မှာ ပညာရှိရှိ ဆုပ်ကိုင်ထားဆဲ ဖြစ်ပါတယ်” ဟု ဝေးလ်စ်က ပြောကြားခဲ့သည်။
Source: ရိုက်တာ
