CNI International News
ဒါကာ၊ မေလ ၂၅
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် တရုတ်နှင့် ပါကစ္စတန်တို့ ပူးတွဲထုတ်လုပ်သည့် တိုက်လေယာဉ်များကို ဝယ်ယူရန် အလားအလာ ရှိနေခြင်းသည် အိန္ဒိယ၏ ထိလွယ်ရှလွယ်ရှိသော အရှေ့မြောက်ပိုင်းဒေသတွင် တင်းမာမှုများ မြင့်တက်စေနိုင်ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
ထို့ပြင် တိုက်လေယာဉ်များ ဝယ်ယူခြင်းသည် လက်ရှိတွင် တင်းမာနေသည့် ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယကြား ဆက်ဆံရေးကို ပိုမို ထိခိုက်စေနိုင်ကြောင်း လေ့လာသူများက ပြောကြားခဲ့သည်။
ပါကစ္စတန်သည် အပြည့်အဝ မောင်းနှင် အသုံးပြုနိုင်သည့် JF-17 Thunder Block III တိုက်ခိုက်ရေး လေယာဉ်၏ ပုံစံတူ လေယာဉ်တစ်စင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း ပါကစ္စတန် မီဒီယာများက ဖော်ပြခဲ့သည်။
ပုံစံတူ ထုတ်လုပ်ထားသည့် တိုက်လေယာဉ်များသည် ပိုင်းလော့များကို စစ်ဆင်ရေးဆိုင်ရာ နည်းဗျူဟာများနှင့် စနစ်ပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုများကို လေ့ကျင့် သင်ကြားပေးရာတွင် အသုံးပြုလေ့ရှိသည်။

ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရအဖွဲ့ခေါင်းဆောင် ဖြစ်ခဲ့သူ ယူနွတ်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို တွေ့ရစဉ်
ပါကစ္စတန်၏ ပါကစ္စတန် အေရိုနော့တစ်ကယ် ကော်ပလက်စ် (Pakistan Aeronautical Complex) ကုမ္ပဏီနှင့် တရုတ်၏ ချန်ဒူး လေယာဉ်ထုတ်လုပ်ရေး ကော်ပိုရေးရှင်း(Chengdu Aircraft Corporation)တို့ ပူးတွဲ ထုတ်လုပ် ထားသည့် ထိုတိုက်လေယာဉ်များသည် ပါကစ္စတန်လေတပ်က အသုံးပြုနေသော အဓိက တိုက်ခိုက်ရေး လေယာဉ် များထဲတွင် ပါဝင်ပြီး အဇာဘိုင်ဂျန်၊ မြန်မာနှင့် နိုင်ဂျီးရီးယားနိုင်ငံများသို့လည်း တင်ပို့ ရောင်းချထားပြီး ဖြစ်သည်။
ပြီးခဲ့သည့် ဇန်နဝါရီလက အစ္စလာမ်မာဘတ် (Islamabad) မြို့တော်တွင် ပြုလုပ်ခဲ့သည့် ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ် လေတပ်ဦးစီးချုပ်များအကြား တွေ့ဆုံပွဲ အပြီး၌ ပါကစ္စတန်က ဘင်္ဂလားဒေ့ရှ်ကို ပုံစံတူ လေယာဉ် လွှဲပြောင်း ပေးအပ်ခဲ့သည်ဆိုသည့် သတင်းများသည် ထွက်ပေါ်လာခြင်း ဖြစ်သည်။
နှစ်နိုင်ငံ လေတပ်ဦးစီးချုပ်များ၏ တွေ့ဆုံပွဲ၌ JF-17 Thunder Block III တိုက်လေယာဉ် ရောင်းဝယ်ရေးအတွက် အသေးစိတ် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ပါကစ္စတန်စစ်တပ်က ပြောကြားခဲ့သည်။
အကယ်၍ ထိုသတင်းကို အတည်ပြုနိုင်ပါက JF-17 Thunder Block III များကို ဝယ်ယူမှုသည် ဘင်္ဂလားဒေ့ရှ်၏ ဝေဟင် တိုက်ခိုက်ရေး စွမ်းရည်ကို မြှင့်တင်ပေးမည်ဖြစ်ပြီး သက်တမ်း ရင့်နေပြီဖြစ်သော ရုရှားထုတ် MiG-29 တိုက်လေယာဉ်များနှင့် J-7 ဟုလည်း လူသိများသည့် တရုတ်ထုတ် F-7 တိုက်လေယာဉ်များ နေရာတွင် အစားထိုး ဝင်ရောက်လာမည် ဖြစ်သည်။

အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် အက်ကွဲမှုကိုတွေ့ရစဉ်
အိန္ဒိယနိုင်ငံအတွက်မူ ဘင်္ဂလားဒေ့ရှ်၏ JF-17 Thunder Block III တိုက်လေယာဉ်များ ဝယ်ယူမည့် အခြေအနေ သည် စိုးရိမ်စရာတစ်ခု ဖြစ်သည်။
အိန္ဒိယ၏ အရှေ့မြောက်ပိုင်းဒေသသည် စစ်ဗျူဟာအရ အလွန်အရေးပါသဖြင့် ဘင်္ဂလားဒေ့ရှ်က အိန္ဒိယ၏ ပြိုင်ဘက် နိုင်ငံများဖြစ်သည့် တရုတ်နှင့် ပါကစ္စတန်တို့ ပူးတွဲထုတ်လုပ်ထားသည့် တိုက်လေယာဉ်များကို ဝယ်ယူခဲ့မည်ဆိုပါက အိန္ဒိယ၏ အရှေ့မြောက်ပိုင်း နယ်စပ်ဒေသများသည် စစ်ရေးအရ တိုက်ရိုက်ခြိမ်းခြောက်မှု အောက်သို့ ရောက်ရှိသွားနိုင်ကြောင်း လေ့လာသူများ ပြောသည်။
ထို့ပြင် အိန္ဒိယသည် တရုတ်၊ ပါကစ္စတန်တို့နှင့် နယ်စပ်ပဋိပက္ခများ ဖြစ်ပွားခဲ့သည့် သမိုင်းကြောင်း ရှိခဲ့သဖြင့် တရုတ်နှင့် ပါကစ္စတန်တို့ ထုတ်လုပ်ထားသည့် စစ်လက်နက် ပစ္စည်းများသည် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိလာမည့်အရေးကို အထူးစိုးရိမ်နေခြင်းဖြစ်သည်။
ထိုကဲ့သို့ လက်နက်များဖြင့် အိန္ဒိယကို ဝိုင်းရံပိတ်ဆို့ခြင်းသည် တရုတ်၏ စစ်ရေး ခြေလှမ်းတစ်ခု ဖြစ်လာနိုင်သဖြင့် အိန္ဒိယနိုင်ငံအတွက် အမျိုးသားလုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများ မြင့်တက်နေကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
Source: South China Morning Post
