CNI International News

နယူးဒေလီ၊ မတ်လ ၁၇

ဘင်္ဂလားဒေ့ရှ် ကျောင်းသားခေါင်းဆောင်တစ်ဦး လုပ်ကြံခံရမှုတွင် အဓိက သံသယရှိသူ နှစ်ဦးအား အိန္ဒိယနိုင်ငံ အတွင်းသို့ တရားမဝင် ဝင်ရောက်နိုင်ရန် ကူညီပေးခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း အိန္ဒိယရဲတပ်ဖွဲ့က မတ်လ ၁၅ ရက်၌ ပြောကြားခဲ့သည်ဟု CNA မှ ဖော်ပြခဲ့သည်။

၂၀၂၄ ခုနှစ် ဘင်္ဂလားဒေ့ရှ် လူထုအုံကြွမှုတွင် ပါဝင်ခဲ့ပြီး အိန္ဒိယကို ပြင်းပြင်းထန်ထန် ဝေဖန်လေ့ရှိသည့် ကျောင်း သားခေါင်းဆောင် ရှရစ်ဖ် အော့စမန် ဟာဒီ (Sharif Osman Hadi) သည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၁၂ ရက်က ဒါကာ (Dakha) မြို့တော်၌ မျက်နှာဖုံးစွပ် သေနတ်သမားများ၏ ပစ်ခတ်မှုကို ခံခဲ့ရပြီးနောက် စင်္ကာပူရှိ ဆေးရုံ တစ်ခုမှာ ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။

ထိုလုပ်ကြံမှုတွင် အဓိက သံသယရှိသူများဖြစ်သည့် ဖိုင်ဆယ်လ် ကရင်မ် မာဆူးဒ် (Faisal Karim Masud) နှင့် အလမ်ဂါ ဟိုစိန် (Alamgir Hossain) တို့သည် ဟာဒီကို လုပ်ကြံခဲ့ပြီးနောက် မကြာမီမှာပင် ဟာလူအာဂတ် (Haluaghat) နယ်စပ်မှတဆင့် အိန္ဒိယသို့ ထွက်ပြေးခဲ့ကြကြောင်း အနောက်ဘန်ဂေါရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

အိန္ဒိယအာဏာပိုင်များက ၎င်းတို့နှစ်ဦးကို မတ်လ ၈ ရက်တွင် ဖမ်းဆီးခဲ့ပြီး လက်ရှိတွင် ထိန်းသိမ်းထားဆဲ ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်လူထုအုံကြွမှုကိုတွေ့ရစဉ်

အဆိုပါ သံသယရှိသူနှစ်ဦးကို နယ်စပ်မှတစ်ဆင့် ဝင်ရောက်နိုင်ရန် ကူညီပေးခဲ့သည့် ဖိလစ် ဆန်ဂါမာ (Philip Sangma) အမည်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားကိုလည်း ထပ်မံဖမ်းဆီးရမိခဲ့သည်ဟု အနောက်ဘန်ဂေါ အထူး လုပ်ငန်းအဖွဲ့ (STF) ၏ ရဲမှူး အင်ဒရာဂျစ် ဆာကား (Indrajit Sarkar) က မတ် ၁၅ ရက်တွင် ပြောကြားခဲ့သည်။

“ဘင်္ဂလားဒေ့ရှ် လူငယ်တက်ကြွလှုပ်ရှားသူ ဟာဒီကို သတ်ဖြတ်မှုမှာ အဓိက သံသယရှိသူနှစ်ဦးကို တရားမဝင် ဝင်ရောက်နိုင်အောင် ကူညီပေးခဲ့တဲ့အတွက် ဆန်ဂါမာကို မတ်လ ၁၄ ရက်မှာ ဖမ်းဆီးခဲ့တာပါ” ဟု ဆာကားက ဆိုသည်။

ဆန်ဂါမာကို မတ်လ ၁၄ ရက်တွင် ခရိုင်တရားရုံး၌ ရုံးထုတ်ခဲ့ပြီးနောက် တစ်ပတ်ကြာ ရဲအချုပ်ဖြင့် စစ်ဆေးရန် အမိန့်ထုတ်ခဲ့သည်။

ဟာဒီ သေဆုံးမှုကြောင့် ဘင်္ဂလားဒေ့ရှ်တွင် အကြမ်းဖက်ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး အိန္ဒိယလိုလားသည်ဟု ယူဆရ သည့် သတင်းစာတိုက် နှစ်ခု အပါအဝင် အဆောက်အအုံများနှင့် ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့အစည်းတစ်ခု မီးရှို့ ဖျက်ဆီး ခံခဲ့ရသည်။

ဟာဒီ လုပ်ကြံခံရမှုသည် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာ (Sheik Hasina) အိန္ဒိယသို့ ထွက်ပြေး ခိုလှုံခဲ့ပြီးနောက် တင်းမာလာခဲ့သည့် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေးကို ပိုမိုဆိုးရွားစေခဲ့သည်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနကမူ ဟာဒီလုပ်ကြံခံရမှုတွင် အိန္ဒိယလည်း ပါဝင်ပတ်သက် နေသည်ဆိုသည့် ပြောကြားချက်များကို ငြင်းဆိုခဲ့သည်။

Source: CAN