CNI News
၂၀၂၆ ခုနှစ်၊ မတ်လ ၁၇
မြန်မာနိုင်ငံတွင် ထွက်ရှိသည့် မြေရှားသတ္တုများအား ပိုက်ဆံရရန် တစ်ခုတည်းဖြင့် ရောင်းချမှုများပြုလုပ်နေပါက တိုင်းပြည်ပျက်စီးသွားနိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက CNI သတင်းဌာနသို့ ပြောသည်။
မြန်မာ့မြေရှားကို ကမ္ဘာတစ်ဝန်းရှိ အင်အားကြီးနိုင်ငံများ၊ ဖွံ့ဖြိုးပြီးနိုင်ငံများအနေဖြင့် ၎င်းတို့နိုင်ငံအတွက် နည်းပညာ၊ စစ်လက်နက် ပစ္စည်းများအတွက် လိုချင်နေကြသည်။
ကမ္ဘာ့မြေရှားသတ္တု ထုတ်လုပ်မှုတွင် မြန်မာနိုင်ငံက တတိယနိုင်ငံအဖြစ် သတ်မှတ်ခံထားရသည်။
ကချင်ပြည်နယ် အထူးဒေသ (၁) ပန်ဝါနှင့် ချီဖွေ ဒေသတို့သည် မြန်မာနိုင်ငံ၏ အဓိက မြေရှားသတ္တု ထွက်ရှိရာ နေရာများဖြစ်ကာ ပန်ဝါ အပါအဝင် မြေရှားသတ္တု ထွက်ရှိရာ နယ်စပ်ဂိတ်များနှင့် တူးဖော်ရေး နယ်မြေအများစု သည် လက်ရှိတွင် KIA ၏ ထိန်းချုပ်မှုအောက်ကို ရောက်ရှိနေသလို ရှမ်းပြည်နယ်အတွင်းမှာလည်း လက်နက်ကိုင် တချို့၏ လက်အောက်မှာ ရှိနေသည်။
တရုတ်နိုင်ငံတစ်ခုတည်းက မြန်မာနိုင်ငံရှိ မြေရှားသာမက အခြားသော သယံဇာတများအား လက်ဝါးကြီး အုပ် သည့် အနေအထားအပေါ် တပ်မတော်တစ်ခုတည်း မဟုတ်ဘဲ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ လည်း သတိထား၍ လုပ်ဆောင်ရမည်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ စိုင်းမိဏ်းက CNI သတင်းဌာနသို့ ပြောသည်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို တွေ့ရစဉ်
၎င်းက “မြေရှားသတ္တုကတော့ တစ်ကမ္ဘာလုံးက အင်အားကြီးနိုင်ငံတွေ၊ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတွေက လိုချင်နေ တယ်လေ။ အခုက တို့တိုင်းပြည်က တခြားဒေသကတော့ သေသေချာချာ မလေ့လာရသေးဘူး။ အခု ရှမ်းပြည်မှာ ဆိုရင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေ ပြောဆိုချက်အရဆိုရင် မြစ်ချောင်း အင်းအိုင်ရှိရင် ရွှေထွက် တယ်လို့ ပြောကြတယ်။ ရွှေရှိလို့ရှိရင် ဒီမြေရှားသတ္တုကလည်း ရှိတယ်လို့ ပြောကြတယ်။ ဒါကတော့ ဒီဟာတွေ ကတော့ ကိုယ့်နိုင်ငံက ရွှေနိုင်ငံဖြစ်နေတယ်။ ဒါပေမယ့် ကိုယ်တို့တွေက စီးပွားရေးလုနေတာနဲ့။ ကိုယ်တို့တွေက ပြည်တွင်းစစ် ဖြစ်နေတော့ စီးပွားရေး အင်အားကြီးတဲ့ နိုင်ငံတွေ လက်ဝါးကြီး အုပ်ပြီးတော့မှ လုပ်နေ၊ ထုတ်ယူ တာတွေလည်း ခံရတာပေါ့။ လူထုအကျိုး ခံစားခွင့်မရှိဘူး။ ဒီတိုင်း ဆက်ဖြစ်သွားမယ်ဆိုရင်လည်း တရုတ်နိုင်ငံ ကပဲ လက်ဝါးကြီး အုပ်ပြီးတော့မှ ကိုယ့်ဆီမှာရှိနေတဲ့ မြေရှားတင်မကဘူး။ သဘာဝသယံဇာတတွေ၊ သစ်တော တွေ၊ နောက်ပြီး စိုးမိုးခြယ်လှယ်မှုတွေ အကုန်လုံး ပိုင်စိုးနေမယ့် အနေအထားဆိုတော့ လူထုအကျိုးအတွက် ဘာမှ တော့ ကျန်မှာမဟုတ်ဘူး။ ဒါက အရမ်းကြီးကို သတိထားပြီးတော့မှ လုပ်ဆောင်ရမယ့်အပိုင်း စစ်တပ်တင် မဟုတ် ပါဘူး။ ERO တွေကလည်း အဲဒီလို ထို့နည်းတူပါပဲ။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပေါ်လစီတွေ သေချာ ကြပ်မတ်မှ သာလျှင် လောလောလတ်လတ် ပိုက်ဆံရဖို့ပဲ လုပ်မယ်ဆိုရင်တော့ တိုင်းပြည်တစ်ခုလုံးက ပျက်စီး သွားပြီးတော့မှ သယံဇာတတွေလည်း ဘာမှကျန်မှာ မဟုတ်ဘူး။ တရုတ်နိုင်ငံကပဲ အကုန်သာ ထုတ်ယူသွား မှာပေါ့နော်။ တခြားနိုင်ငံတွေကတော့ ချဉ်းကပ်နေတဲ့ အဆင့်ပဲ ရှိတယ်ဆိုတော့ တရုတ်လောက် လက်ဝါးကြီး မအုပ်နိုင်သေးဘူးပေါ့” ဟု ပြောသည်။
မြေရှားသတ္တုသည် အခြားနိုင်ငံများတွင် ရှားကောင်းရှားနိုင်ပြီး မြန်မာနိုင်ငံတွင်မူ မရှားဘူးဟု ပြော၍ရကြောင်း၊ သို့သော် လိုချင်သည့် မည်သူ့ကိုမဆို ဈေးဆစ်ခြင်းမျိုးမရှိဘဲ ငွေကြေးရလျှင်ပြီးရောဆိုသည့် သဘောမျိုးဖြင့် ရောင်းချခြင်းမျိုးကိုမူ မလုပ်သင့်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံမှ သယံဇာတများသည် ဈေးအမြင့်ဆုံးကို ရသင့်ရထိုက်ပြီး ရလာသည့် ငွေကြေးကို တိုင်းပြည်အတွက် အသုံးမချဘဲ ကိုယ့်အိတ်ထဲကိုယ် ထည့်နေကြသောကြောင့် မြန်မာနိုင်ငံသည် ငွေထုတ်ပိုက်ပြီး တောင်းစားနေရ သည့် ဘဝကို ရောက်နေကြောင်း ၎င်းက ပြောသည်။
ဦးခွန်းဆိုင်က “ရလာတဲ့ငွေတွေကို ကျနော်တို့ အိတ်ထောင်ထဲမှာ ကိုယ့်ရဲ့ ကိုယ်စီကိုယ်ငှ အိတ်ထောင်ထဲ မထည့် ဘဲနဲ့ ဒီတိုင်းပြည်အတွက် အသုံးချရမှာပေါ့။ ကျနော်တို့နိုင်ငံဟာ အရှေ့တောင်အာရှမှာ ပထဝီအရ အချမ်းသာဆုံး နိုင်ငံလို့ ပြောလို့ရမယ်။ ဒါပေမယ့် ကျနော်တို့ လူမှုရေးအရတော့ အင်မတန် မွဲတေနေတယ်။ ကျနော်တို့က သောင် ပြင်မှာ လွှတ်တဲ့သူဋ္ဌေးသားလိုပဲပေါ့။ ငွေထုတ်ကြီးပိုက်ပြီးတော့မှ ဘာမှသုံးစရာ မရှိဘူးပေါ့။ တောင်းစားနေရတဲ့ ဘဝ ရောက်နေတာပေါ့။ အဲဒီလိုအဖြစ်မျိုး မဖြစ်အောင် ဒီအဖြစ်မျိုးကတော့ ကုန်ဆုံးဖို့လိုပြီ။ ဒီသမိုင်းကတော့ ကုန်ဆုံးဖို့လိုပြီ။ ကျနော်တို့ အရင်တုန်းက ကြားဖူးတယ်။ ကျနော်တို့ ခေါင်းဆောင်တွေ ပြောတယ်။ ကျနော်တို့ နိုင်ငံမှာရှိတဲ့ ကျွန်းသစ်တွေကို တစ်အိမ်ထောင်စုကို တစ်ပင်ပဲပေးထား။ ဘယ်နည်းနဲ့မဆို ကျနော်တို့ရဲ့လူထုဟာ ဆင်းရဲတယ်ဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူးဆိုတာ ရှေးလူကြီး သူမတွေပြောခဲ့တာ နားထောင်ဖူးတယ်။ သဘောလည်း သိပ်ကျတယ်။ ဒါပေမယ့် လက်တွေ့အရ ကျနော်တို့က လုပ်တဲ့အခါကြတော့ တစ်အိမ်ထောင်စု တစ်ပင်မဟုတ်ဘဲနဲ့ လူ တစ်ယောက်တည်းက တစ်ခါတည်း သန်းနဲ့ချီပြီးမှ ပိုင်သွားတာမျိုး၊ ရောင်းထုတ်တာမျိုး တွေ ဖြစ်လာတာကို။ ဒီလိုမျိုး အဖြစ်မျိုး မဖြစ်ဖို့ ကျနော်တို့ လုပ်ဖို့လိုပါတယ်။ မြေရှားကိစ္စလည်း ဒီအတိုင်းပါပဲ” ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီကို တွေ့ရစဉ်
မြန်မာနိုင်ငံမှ ထွက်ရှိသည့် မြေရှားသတ္တုသည် Ionic Adsorption Clay အမျိုးအစား ဖြစ်ကာ အခြား သတ္တုရိုင်း များထက် သန့်စင်ရ ပိုမိုလွယ်ကူပြီး အဖိုးတန်သည့် Dy (Dysprosium) နှင့် Tb (Terbium) ကဲ့သို့ ဒြပ်စင်များ ကြွယ်ဝသည်။
၂၀၂၃ ခုနှစ် တစ်နှစ်တည်း၌ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံကို မြေရှားသတ္တု တန်ချိန် ၅၀,၀၀၀ ကျော် တင်ပို့ခဲ့ကာ ၂၀၂၂ ခုနှစ်ထက် ၈၀ ရာခိုင်နှုန်း နီးပါး တိုးတက်သွားသည်။
ထို့ပြင် ကုန်သွယ်မှုတန်ဖိုးသည် နှစ်စဉ် အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ဝန်းကျင်လောက်အထိ တန်ဖိုးရှိပြီး မြန်မာ့စီးပွားရေး အထူးသဖြင့် နယ်စပ်ဒေသအတွက် အလွန်ကြီးမားသော ပမာဏတန်ဖိုးလည်းဖြစ်သည်။
မြန်မာနိုင်ငံတွင် သတ္တုသန့်စင်စက်ရုံ မရှိသေးသည့်အတွက် သတ္တုရိုင်း အဆီအနှစ် အဖြစ်နှင့်သာ တရုတ်နိုင်ငံကို အဓိက တင်ပို့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံက ထိုကုန်ကြမ်းများအား ဝယ်ယူပြီး ၎င်းတို့နိုင်ငံထဲ၌ အဆင့်မြင့်သန့်စင်၍ ကမ္ဘာ့ဈေးကွက်ကို တစ်ဆင့် ပြန်လည်ရောင်းချလျက်ရှိသည်။
လက်ရှိတွင် မြေရှားသတ္တုသည် ပထဝီအနေထားအရ အသုံးချ၍ရသည့် လက်နက်တစ်ခုကဲ့သို့ ဖြစ်နေကြောင်း လည်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
အိမ်နီးချင်းနိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံ အနေဖြင့်လည်း မြန်မာနိုင်ငံမှ ထွက်ရှိသည့် မြေရှားသတ္တုကို ဝယ်ယူရေး စိတ်ဝင်စားနေကာ KIA နှင့် လျှို့ဝှက်သဘောတူစာချုပ် ချုပ်ဆိုထားကြောင်းလည်း နိုင်ငံတကာ သတင်းဆောင်းပါး များ ထွက်ပေါ်ထားသည်။
