CNI News

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၁

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အတွက် မြေရှားသတ္တုထွက်ရှိရာ ဒေသများသည် နိုင်ငံရေးအရ နိုင်ကွက် ဖြစ်သည့်အတွက် တော်ရုံနောက်ဆုတ် မပေးနိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက CNI သတင်းဌာန သို့ ပြောသည်။

ကချင်ပြည်နယ်ထဲရှိ မြေရှားသတ္တု ထွက်ရှိသည့် နေရာဒေသ အားလုံးနီးပါးကို KIA က စစ်ရေးဖြင့် သိမ်းပိုက် ရရှိထားခြင်းဖြစ်ပြီး ဒေါ်လာဘီလျံချီ တန်ကြေးရှိသည့်အတွက် မြန်မာ့တပ်မတော်ဘက်မှလည်း ပြန်လည်ရယူရန် စစ်ရေးများ ဖော်ဆောင်လာနိုင်ကြောင်း ၎င်းတို့က သုံးသပ်သည်။

ထို့ကြောင့် မြေရှားသတ္တုရှိရာ ဒေသများ၌ မြန်မာ့တပ်မတော်နှင့် KIA အကြား တိုက်ပွဲများ ပြင်းထန်လာနိုင်ဖွယ်ရှိ ကြောင်း တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဲဒါကတော့ သိပ်မလွယ်ဘူးထင်တယ်။ ဘာလို့လဲဆိုတော့ မြေရှားဒေသ အများအပြားက ကျမ သိသလောက်ပေါ့နော်။ ကျမတို့လည်း အဲဒီဒေသတွေမှာ နေလာခဲ့တာကို။ ပန်ဝါတို့ ကန်ပိုက်တီတို့မှာ နေလာဖူး တော့ တရုတ်နဲ့ ကပ်နေတယ်။ တရုတ်နဲ့ ကပ်နေတော့ ဗုံးကြဲဖို့တို့၊ လက်နက်ကြီးပစ်ဖို့တို့ ဘာတို့တော့ တော်တော် ခက်တယ်။ ဘာလို့ဆို တရုတ်ကလည်း ကျိန်းထားတာကို။ သူ့ဘက်ကို လက်နက်ကြီးကျကျ၊ ဗုံးကျကျ သည်းငြီးမခံ ဘူးလို့ ပြောထားတာ ဖြစ်တာကို။ ဒါကြောင့်မို့လို့ အဲဒီဟာတော့ သူတို့တော်တော် ခက်မယ်ထင်တယ်။ အဲဒါက တော့ KIA ကလည်း သူ့ရဲ့ နိုင်ဖဲဖြစ်တာကို။ တော်ရုံနဲ့ ဆုတ်ပေးလိမ့်မယ် မထင်ဘူး။ စစ်တပ်နဲ့ KIA တို့ရဲ့ ကိုင်တွယ်မှုကတော့ စစ်တပ်ကတော့ အပြတ်ပြန်တိုက်မှာပေါ့။ ဒါပေမယ့် KIA ကလည်း ပေးလိမ့်မယ် မထင်ဘူး။ အဲဒီတော့ တိုက်ပွဲတွေ ပြင်းလာနိုင်တာတွေရှိပါတယ်” ဟု ပြောသည်။

မြေရှားသတ္တုတွေ သယ်နေစဉ်

မြေရှားသတ္တုဆိုသည်မှာ ကမ္ဘာအနှံ့အပြားရှိ စမတ်ဖုန်းများ၊ လျှပ်စစ်ကားများ၊ လက်နက်စနစ်များ၊ တိုက်လေယာဉ် များ၊ နည်းပညာမြင့် ပစ္စည်းများ စသည်တို့၌ မရှိမဖြစ် အသုံးပြုကြခြင်းဖြစ်သည်။

မြေရှားလုပ်ကွက်ပေါင်း ၃၀၀ နီးပါး ရှိနေသည့် ပန်ဝါဒေသ အပါအဝင် ကချင်ပြည်နယ်ထဲမှ မြေရှားသတ္တု ထွက်ရှိ ရာ ဒေသများကို KIA မှ သိမ်းပိုက်ထားနိုင်ခြင်းဖြစ်သည်။

ကမ္ဘာတွင် မြေရှားထုတ်လုပ်သည့် ထိပ်တန်း ၃ နိုင်ငံမှာ တရုတ်၊ အမေရိကန်နှင့် မြန်မာတို့ဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် တရုတ်က ၇၀ ရာခိုင်နှုန်းနီးပါး၊ အမေရိကန်က ၁၁ ရာခိုင်နှုန်းကျော်နှင့် မြန်မာက ၈ ရာခိုင်နှုန်းနီးပါး ထုတ်လုပ်ခဲ့ ကြောင်း အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့အခြေစိုက် statista အဖွဲ့က ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဖော်ပြထားသည်။

မြေရှားသတ္တုများသည် နိုင်ငံတော်ပိုင် ဖြစ်သည့်အတွက် ခွဲဝေမှုများနှင့်ပတ်သက်၍ ညှိနှိုင်းကြရမည့် သဘောရှိ ကြောင်း တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP)မှဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “မြေရှားလည်း မိုးမောက်နား တစ်လျှောက်ကလည်း ထွက်တယ်လေ။ တပ်မတော်ဘက်က ပြန်လည် သိမ်းပိုက်ဖို့ ကြိုးစားနိုင်တယ်လို့ ယူဆတာပေါ့။ ဘာကြောင့်လဲဆိုတော့ ဒါက နိုင်ငံတော်ပိုင် ပစ္စည်းတွေလေ။ ဒါက နိုင်ငံတစ်ခုလုံးနဲ့ဆိုင်တဲ့ သတ္တုသိုက်လို့ ဆိုကြပါစို့။ အဲဒါကြတော့ resource sharing တွေ ဘာတွေ ညှိနှိုင်းကြရ မှာပေါ့ ခွဲဝေမှုတွေနဲ့” ဟု ပြောသည်။

မြန်မာဘက်မှ တရုတ်ကို တင်ပို့သည့် မြေရှားသတ္တုသည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင် တန်ချိန် ၄၂၀၀ ရှိခဲ့ပြီး ချီဖွေနှင့် ပန်ဝါမှာ KIA နှင့် တိုက်ပွဲဖြစ်ပွားနေသောကာလ အောက်တိုဘာလ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလ သုံးလ အတွင်းမှာ တန်ချိန် ၃၃၀၀ ကျော်ပဲ တင်ပို့နိုင်တော့ကြောင်း ပြည်တွင်းသတင်းဌာနများက ဖော်ပြထားကြသည်။

ထို့ပြင် ပြီးခဲ့သည့် ရက်ပိုင်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ အစိုးရအဖွဲ့သည် မြန်မာနိုင်ငံရှိ မြေရှားသတ္တုရရှိရေးအတွက် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် ဆွေးနွေးဖွယ်ရှိသည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

အမေရိကန်သည် မြန်မာနိုင်ငံ၏ မြေရှားသတ္တုများ တရုတ်ထံသို့ ရောက်ရှိနေသည့် အခြေအနေကို လမ်းကြောင်း လွှဲပြီး ထိုမြေရှားသတ္တုများကို ရယူရန် ရည်ရွယ်ထားသည်ဟု သတင်းရင်းမြစ် ၄ ဦးက ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြထားသည်။

မြေရှားတူးဖော်မှုနဲ့လက်နက်ကိုင်ကိုတွေ့ရစဉ်

ထို့ကြောင့် မြေရှားသတ္တုနှင့်ပတ်သက်၍ တရုတ်နှင့် အမေရိကန်တို့ အားပြိုင်မှုများ ဖြစ်ပေါ်လာနိုင်သလားဟု ပြည်တွင်း၊ ပြည်ပမှ စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား မေးခွန်းထုတ်မှုရှိနေကြသည်။

ထိုအခင်းအကျင်းသည် KIA ဘက်မှ ၎င်းအပေါ် တရုတ်၏ ဖိအား ပိုမိုမများ လာစေရန်အတွက် နိုင်ငံရေး ရေချိန် ညှိသည့် သဘောဖြစ်ကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျနော် ထင်တာတော့ ဗမာပြည်မှာရှိတဲ့ လက်နက်ကိုင်တွေထဲမှာ အမေရိကန်နဲ့ နီးစပ်တယ်။ အမေရိကန် ကလည်းပဲ ချဉ်းကပ်တယ်။ ကျနော်တို့ တိုင်းရင်းသားတွေ ဘက်ကလည်း ချဉ်းကပ်တဲ့အဖွဲ့က KIO/KIA တစ်ဖွဲ့ပဲ ရှိပါတယ်။ ဒါကြောင့် KIO/KIA အနေနဲ့ သူ့ချုပ်ကိုင်မှုအောက် ရောက်သွားတဲ့ မြေရှားတွေကို အကြောင်းပြပြီးတော့ ထရမ့်အစိုးရက ဝယ်ချင်တာ မဝယ်ချင်တာ တစ်ပိုင်းထား၊ ဝယ်လို့ လက်တွေ့ ဖြစ်၊မဖြစ်တာ တစ်ပိုင်းထား။ အာရုံ စူးစိုက်မှုရအောင် အဲဒီအကြောင်းပြချက်နဲ့ အဆက်အသွယ်ရအောင် ကြိုးပမ်းတဲ့ သဘောလို့ ယူဆပါတယ်။ လောလောဆယ် content ရှိတဲ့အပေါ်မှာ နားထောင် ပေးလိုက်တယ်လို့ ယူဆပါတယ်။ အဲဒီလို နားထောင်ပေး တယ်၊ ဒီအဆက်အသွယ် ရှိတယ်ဆိုရင် တရုတ်က မြောက်ပိုင်းအဖွဲ့တွေ အပေါ်မှာ သူလုပ်နေတဲ့ ဖိအားတွေကို တော်တော်များများက ဖိအားပေးခံရတာရှိတယ်။ KIO/KIA ကလည်း ဖိအားပေးခံရတာ ရှိပါတယ်။ ဒီဖိအားပေး ခံရတဲ့ အပေါ်မှာ check and balance လုပ်ဖို့ပေါ့လေ။ အမေရိကနဲ့လည်း အဆက်အသွယ်ရှိတယ်၊ အမေရိက လည်း စိတ်ဝင်စားတယ်ဆိုတာကို နိုင်ငံရေး ရေချိန်ညှိတဲ့ သဘောလို့ပဲ ကျနော်ယူဆတယ်” ဟု ပြောသည်။

ထရမ့်အစိုးရအဖွဲ့ကို အဆိုပြုထားသည့် အဆိုပြုချက်များအနက် တစ်ချက်မှာ မြန်မာ့တပ်မတော် အနေဖြင့် KIA နှင့် ငြိမ်းချမ်းရေးယူရန် ဆွေးနွေးမှုများ ပြုလုပ်အောင် တိုက်တွန်းရေးဖြစ်ပြီး အခြားအဆိုပြုချက် တစ်ခုမှာ အမေရိကန်အနေဖြင့် KIA နှင့် တိုက်ရိုက် ဆွေးနွေးရေးဖြစ်သည်။

နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပြီးနောက် ၃ နှစ်ကျော် ကာလအတွင်း မြေရှားသတ္တုတရားမဝင် တင်ပို့ရောင်းချမှုမှ အမေရိကန် ဒေါ်လာ ၁.၄ ဘီလျံ ဝင်ငွေရခဲ့ကြောင်း Global Witness အဖွဲ့ က ၂၀၂၄ ခုနှစ်၊ မေလတွင် ထုတ်ပြန်ခဲ့ သည်။

ထိုထဲကမှ ရာနှုန်းပြည့် နီးပါးသည် တရုတ်-မြန်မာနယ်စပ် ပန်ဝါဒေသ အပါအဝင် ကချင်အထူးဒေသ(၁) ထဲမှ လာသည့် မြေရှားများဖြစ်ကြောင်း သိရသည်။