CNI International News

ဘေဂျင်း၊ ဩဂုတ် ၁၁

တရုတ်နှင့် ဂျပန် ဆက်ဆံရေး ကောင်းမွန်နေချိန်တွင် ဂျပန်သို့ ထိုင်ဝမ်အရာရှိတစ်ဦး လာရောက်သည့် ခရီးစဉ် သည် တရုတ်နှင့် ဂျပန် ဆက်ဆံရေးအတွက် စိန်ခေါ်မှုအဖြစ် ရှုမြင်ခံခဲ့ရကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။

ဩဂုတ် ၉ ရက်တွင်  အမေရိကန်က ဂျပန်ကို အဏုမြူဗုံး ကြဲချခဲ့သည့် နှစ်ပေါင်း ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ ထိုင်ဝမ်၏ ဂျပန်ရေးရာကိုယ်စားလှယ် လီယိယန် (Lee Yi-yang) တက်ရောက်ခဲ့ပြီးနောက် တရုတ်-ဂျပန် ဆက်ဆံရေးအပေါ် မေးခွန်းများ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး လင်ချာလန်း (Lin Chia-lung) က ဂျပန်သို့ ရှားပါးခရီးစဉ်ဖြင့် လာရောက်ခဲ့ပြီးနောက် သီတင်းပတ် နှစ်ပတ်အကြာတွင် လီသည် ဟီရိုရှီးမား (Hiroshima) နှင့် နာဂါဆာကီ (Nagasaki) မြို့များတွင် ပြုလုပ်သည့် အခမ်းအနားများကို တက်ရောက်ခဲ့ခြင်းဖြစ်သည်။

တရုတ်သည် ဂျပန်နှင့် ထိုင်ဝမ်ကြား တရားဝင် မဟုတ်ဘဲ ဒေသခံအချင်းချင်း ထိတွေ့သွားလာခွင့်ကိုသာ ခွင့်ပြုထားသည်။

ထိုင်ဝမ်၏ ဂျပန်ရေးရာကိုယ်စားလှယ် လီယိယန်ကို တွေ့ရစဉ်

သို့သော် ထိုင်ဝမ်နှင့် ဂျပန်ကြား တရားဝင် ထိတွေ့ဆက်ဆံမှုများကို ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်ထားပြီး ထိုကဲ့သို့ ဆက်ဆံမှုများသည် "တရုတ်တည်နိုင်ငံတည်း" မူဝါဒကို ထိခိုက်စေကြောင်း တရုတ်က ယူဆထားသည်။

ထိုင်ဝမ်အရေးကို တရုတ်က ၎င်းအတွက် အဓိက အကျိုးစီးပွားများ၏ ဗဟိုချက်အဖြစ် ယူဆထားပြီး ဂျပန်နှင့်  အပြန်အလှန် ယုံကြည်မှုတွင် အခြေခံအုတ်မြစ် တစ်ခုအဖြစ်လည်း ယူဆထားသည်။

ထို့ကြောင့် ထိုင်ဝမ်နှင့်တရားဝင် ထိတွေ့ဆက်ဆံမှုများသည် တရုတ်ကို တိုက်ရိုက် စိန်ခေါ်ခြင်းဖြစ်ပြီး ပြဿနာကို ဖိတ်ခေါ်နေခြင်း ဖြစ်သည်ဟု တရုတ်က သတ်မှတ်ထားသည်။

ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး လင် ဦးဆောင်သည့် ဂျပန်ခရီးစဉ်ကိုလည်း တရုတ်က ပြင်းထန်စွာ ဝေဖန်ခဲ့သလို  ထိုခရီးစဉ်နှင့်ပတ်သက်ပြီး ဂျပန်ကို ဆန့်ကျင်ကြောင်း ကန့်ကွက်စာ ပို့ခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ကော်ကျားကွမ် (Guo Jiakun) ကလည်း ထိုကဲ့သို့ ထိတွေ့ ဆက်ဆံမှုများသည် တရုတ်-ဂျပန် ဆက်ဆံရေး၏ နိုင်ငံရေးအခြေခံကို လျော့ပါးစေခဲ့ပြီး ထိုင်ဝမ် ခွဲထွက်ရေး အင်အားစုများကို မှားယွင်းသည့် ထင်မြင်ယူဆချက်များ ပေးနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

Source: South China Morning Post