CNI International News

ဘေဂျင်း၊ နိုဝင်ဘာ ၁၈

ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီ (Sanae Takaichi) သည် ဝန်ကြီးချုပ်အဖြစ် စတင်တာဝန် ထမ်းဆောင် သည့် သက်တမ်း ၁ လမပြည့်မီ အချိန်မှာပင် ထိုင်ဝမ် အရေးနှင့်ပတ်သက်ပြီး ပြောကြားခဲ့သည့် မှတ်ချက်စကား ကြောင့် ဂျပန်နှင့်တရုတ် ဆက်ဆံရေးကို ထိခိုက်ခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။

တာကာအီချီသည် နိုဝင်ဘာ ၇ ရက်က လွှတ်တော်ကော်မတီတွင် အမှာစကား ပြောကြားခဲ့ချိန်က တရုတ်ရေတပ် အနေဖြင့် ထိုင်ဝမ်ကို ပိတ်ဆို့ခြင်း သို့မဟုတ် ထိုင်ဝမ်ကို ဆန့်ကျင်သည့် အခြား လုပ်ရပ်များအား လုပ်မည်ဆိုပါက ဂျပန်စစ်တပ်အတွက် တုန့်ပြန်ခွင့် ရှိလာလိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုမှတ်ချက် စကားများသည် ထိုင်ဝမ် အရေးနှင့်ပတ်သက်ပြီး ယခင် ဂျပန်ဝန်ကြီးချုပ်များ၏ မှတ်ချက်စကားထက် ပိုမိုပြင်းထန်ခဲ့ကာ တရုတ်ကလည်း ချက်ချင်း တုန့်ပြန်ခဲ့သည်။

ယခင် ဂျပန်ဝန်ကြီးချုပ်များသည် ထိုင်ဝမ်အပေါ် တရုတ်၏ ခြိမ်းခြောက်မှုကို စိုးရိမ်ကြောင်းသာ ဖော်ပြခဲ့ကြသော် လည်း ဂျပန်အနေဖြင့် တုန့်ပြန်သွားမည်ဟု လူသိရှင်ကြား ပြောကြားခဲ့ခြင်း မရှိပေ။

ထို့ကြောင့် တာကာအီချီ၏ မှတ်ချက် စကားများကို တရုတ်နိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး၊ ထိုင်ဝမ် ရေးရာရုံးနှင့် တရုတ်နိုင်ငံပိုင် မီဒီယာများက အင်တိုက်အားတိုက် တုန့်ပြန်ခဲ့ကြသည်။

 ဂျပန်ဝန်ကြီးချုပ်ကို တွေ့ရစဉ်

နိုဝင်ဘာ ၁၃ ရက်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဂျပန်သံအမတ်ကို ဆင့်ခေါ်ခဲ့ပြီး ထိုင်ဝမ်အရေးတွင် ဝင်ရောက် စွက်ဖက်ခြင်း မပြုရန် သတိပေးခဲ့သည်။

နောက်တစ်နေ့မှာပင် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း တရုတ်သံအမတ်ကို ပြန်လည်ဆင့်ခေါ်ခဲ့ပြီး တရုတ် သံအမတ်၏ လူမှုမီဒီယာတွင် တင်ထားသည့် ဂျပန်ကို ဝေဖန်ထားသည့် ပို့စ်ကို စောဒကတက်ခဲ့သည်။

ထို့ပြင် နိုဝင်ဘာ ၁၄ ရက် ညပိုင်းတွင် တရုတ်က ဂျပန်၏ ခရီးသွားလုပ်ငန်းကို ပစ်မှတ်ထားပြီး ဂျပန်သို့ ခရီးသွား ခြင်း မပြုရန် တရုတ်နိုင်ငံသားများကို တိုက်တွန်းခဲ့သည်။

ယခုနှစ် ပထမ ၉ လတာ ကာလအတွင်း ဂျပန်သို့ တရုတ်ခရီးသွား ၇ သန်းခွဲခန့် သွားရောက်ခဲ့ပြီး ဂျပန်သို့ အများ ဆုံး လာရောက်သည့် ခရီးသွားများသည် တရုတ်နိုင်ငံသားများဖြစ်သည်။

အကယ်၍ တရုတ်သည် ဂျပန်သို့ မြေရှားသတ္တုများ တင်ပို့မှုကို ကန့်သတ် ခဲ့မည်ဆိုပါက ဂျပန်အတွက် ကြီးမား သည့် စိုးရိမ်စရာကိစ္စ ဖြစ်လာနိုင်ပြီး တရုတ်ကမူ ထိုကဲ့သို့ လုပ်ဆောင်မည့် လက္ခဏာကို မပြသေးပေ။

လက်ရှိတွင် ဂျပန်နိုင်ငံဘက်က တင်းမာမှုကို လျှော့ချရန် ကြိုးပမ်းနေပြီး နိုဝင်ဘာ ၁၇ ရက်တွင် တရုတ်သို့ သံတမန်တစ်ဦး စေလွှတ်ခဲ့ကာ အခြေအနေကို တည်ငြိမ်အောင် ဆွေးနွေးဖွယ် ရှိနေသည်ဟု သတင်းတွင် ဖော်ပြထားသည်။

Source: အေပီ