CNI International News
ဘေဂျင်း၊ နိုဝင်ဘာ ၁၇
ထိုင်ဝမ် အရေးနှင့်ပတ်သက်ပြီး ဂျပန်ဝန်ကြီးချုပ်၏ မှတ်ချက်စကားများကြောင့် တရုတ်နှင့် ဂျပန်ကြား သံတမန် ရေးရာ တင်းမာမှု ဖြစ်ပွားခဲ့ပြီးနောက် တရုတ်နိုင်ငံသားများ အနေဖြင့် ဂျပန်သို့ ခရီးသွားခြင်းမှ ရှောင်ကြဉ်ရန် တရုတ်အာဏာပိုင်များက အကြံပြုထားကြောင်း CNA မှ ဖော်ပြခဲ့သည်။
နိုဝင်ဘာ ၇ ရက်တွင် ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီ (Sanae Takaichi) က ထိုင်ဝမ်ကို အင်အားသုံးပြီး ဆန့်ကျင်လာသည့် အချိန်မျိုး၌ ဂျပန်ကလည်း စစ်ရေးအရ တုန့်ပြန်ခွင့် ရရှိလိမ့်မည်ဖြစ်ကြောင်း လွှတ်တော်တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုပြောကြားချက်နှင့် ပတ်သက်ပြီး တရုတ်က ဂျပန်သံအမတ်ကို ဆင့်ခေါ်ခဲ့သလို ဂျပန်ကလည်း တရုတ်သံအမတ် ကို ပြန်လည်ဆင့်ခေါ်ခဲ့သည်။
တရုတ်သံအမတ်၏ လူမှုမီဒီယာတွင် တင်ခဲ့သည့် ပို့စ်တစ်ခုသည် မသင့်တော်ကြောင်း ဂျပန်က ပြောကြားခဲ့ပြီး လက်ရှိ၌ ထိုပို့စ်သည် ဖျက်ချလိုက်ပြီဖြစ်သည်။

ဂျပန်နိုင်ငံအတွင်း သွားလာနေကြသူများကို တွေ့ရစဉ်
ထို့နောက် ဂျပန်က ၎င်းတို့၏ ကျွန်းတစ်ကျွန်းနှင့် ၁၀၀ ကီလိုမီတာ အကွာတွင်သာရှိသည့် ထိုင်ဝမ်အပေါ် ထားရှိသည့် သဘောထားသည် ပြောင်းလဲခြင်းမရှိကြောင်း ပြောကြားခဲ့သည်။
နိုဝင်ဘာ ၁၄ ရက် ညပိုင်းတွင်မူ ဂျပန်ရှိ တရုတ်သံရုံးကလည်း တရုတ်နိုင်ငံသားများကို ဂျပန်သို့ သွားရောက်ခြင်း မပြုရန် သတိပေးခဲ့သည်။
"မကြာသေးခင်က ဂျပန်ခေါင်းဆောင်တွေဟာ ထိုင်ဝမ်နဲ့ ပတ်သက်ပြီး ရန်စတဲ့ မှတ်ချက်စကားတွေ ပြောကြား ခဲ့ပြီး နှစ်နိုင်ငံပြည်သူတွေကြား ထိတွေ့ဆက်ဆံမှု အခြေအနေကို ဆိုးရွားစွာ ထိခိုက်စေခဲ့ပါတယ်" ဟု တရုတ်သံရုံး က WeChat လူမှုမီဒီယာတွင် ရေးသားခဲ့သည်။
လက်ရှိ အခြေအနေအရ ဂျပန်ရှိ တရုတ်နိုင်ငံသားများ၏ ဘေးကင်းလုံခြုံရေးအတွက် အန္တရာယ်ရှိကြောင်း၊ တရုတ် နိုင်ငံသားများ အနေဖြင့် အချိန်အတိုင်းအတာ တစ်ခုအထိ ဂျပန်သို့ သွားရောက်ခြင်းကို ရှောင်ကြဉ်ရန် တရုတ်နိုင်ငံ ခြားရေးဝန်ကြီးဌာန၊ ဂျပန်ရှိ တရုတ်သံရုံးနှင့် ကောင်စစ်ဝန်ရုံးတို့က အသိပေးလိုကြောင်း ရေးသားခဲ့သည်။
ဂျပန်အစိုးရအတွင်းဝန်ချုပ် မီနိုရူ ကီဟာရာ (Minoru Kihara) ကမူ တရုတ်၏ ထုတ်ပြန်ချက်သည် နှစ်နိုင်ငံ ဆက်ဆံရေးကို မဟာဗျူဟာမြောက် မြှင့်တင်ရေးနှင့် ကျိုးကြောင်းညီညွတ်ခြင်း မရှိကြောင်း သတင်းထောက် များကို ပြောကြားခဲ့သည်။
Source: CAN
