CNI International News

တိုင်ပေ၊ ဇန်နဝါရီ ၁၆

တရုတ်နှင့်စစ်ပွဲ ဖြစ်ပွားမည်ကို စိုးရိမ်နေသည့်တိုင် ဂျပန်သည် ထိုင်ဝမ်သမ္မတအဖြစ် ရွေးကောက်ခံခဲ့ရသည့် လိုင်ချင်တေး (Lai Ching-te) နှင့် စိတ်တူကိုယ်တူရှိသော မဟာမိတ်အဖြစ် တည်ထောင်ရန် ကြိုးပမ်းသွားလိမ့် မည်ဟု Japan Times မှ ဖော်ပြခဲ့သည်။

လိုင်သည်လည်း ဂျပန်နှင့် ဆက်ဆံရေးကို ပိုမိုခိုင်မာစွာ တည်ထောင်ရန် မျှော်လင့်ထားပြီး လိုင်နှင့် ဂျပန်အစိုးရ တို့က တရုတ်၏ လှုပ်ရှားမှုများကို စိုးရိမ်လျက်ရှိသည်။

ဇန်နဝါရီ ၁၃ ရက်က ထိုင်ဝမ်သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် လိုင်က ၎င်း၏ အနိုင်ရရှိမှုသည် ဒီမိုကရေစီ အသိုင်းအဝိုင်းအတွက် အောင်ပွဲတစ်ရပ်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ထို့နောက် ၎င်း(လိုင်ချင်တေး)၏ အစိုးရအဖွဲ့သည် ဂျပန်နှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးမြှင့်သွားမည့် လက္ခဏာများကို ပြသခဲ့သည်။

လိုင်သည် ရွေးကောက်ပွဲအပြီး တစ်ရက်အကြာ ဇန်နဝါရီ ၁၄ ရက်တွင် ဂျပန်လွှတ်တော်အမတ်တစ်ဦးနှင့် အစည်းအဝေး ပြုလုပ်ခဲ့ခြင်းအားဖြင့် ဂျပန်နှင့် ဆက်ဆံရေးကို ပိုမိုခိုင်မာအောင် လုပ်ဆောင်မည့် လက္ခဏာများကို ပြသခဲ့သည်။

ထိုင်ဝမ်ဒုသမ္မတလောင်း ဟီရှောင်ပီကင်ကို တွေ့ရစဉ်

ဂျပန်-ထိုင်ဝမ် ဆက်ဆံရေးအသင်း၏ အကြီးအကဲ မစ်ဆူအို အိုဟာရှီ (Mitsuo Ohashi) သည် လိုင်နှင့်တကွ ထိုင်ဝမ်ဒုသမ္မတလောင်း ဟီရှောင်ပီကင် (Hsiao Bi-khim) တို့နှင့် ထိုင်ဝမ်၏ အာဏာရပါတီဖြစ်သည့် ဒီမိုကရက်တစ်တိုးတက်ရေးပါတီ (DPP) ဌာနချုပ်တွင် အစည်းအဝေး ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထိုအစည်းအဝေးတွင် လိုင်က ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်းရေးတို့နှင့် ပတ်သက်ပြီး ထိုင်ဝမ်နှင့် ဂျပန်တို့က စိုးရိမ်နေကြောင်း ပြောကြားခဲ့သည်ဟု DPP က ထုတ်ပြန်ခဲ့သည်။

တရုတ်သည် ထိုင်ဝမ်ကို ၎င်း၏ နယ်နိမိတ်တစ်ခုအဖြစ် သတ်မှတ်ထားပြီး လိုအပ်လာပါက အင်အားသုံး၍ သိမ်းယူ သွားမည်ဟု မကြာခဏ ပြောကြားခဲ့သည်။ ထို့ကြောင့် တရုတ်သည် ထိုင်ဝမ်ကို ကျူးကျော်နိုင်မည့် အလားအလာ အပေါ် စိုးရိမ်မှုများ မြင့်တက်စေခဲ့သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) ကမူ ထိုင်ဝမ်အနေဖြင့် တိုက်ခိုက်ခံရမည်ဆိုပါက အမေရိကန်သည် ထိုင်ဝမ်ကို ကူညီပေးသွားမည်ဖြစ်ကြောင်း အရိပ်အမြွက်ပြောကြားထားသည်။

ဇန်နဝါရီ ၁၅ ရက်ကလည်း လိုင်သည် ထိုင်ဝမ်သို့ ရောက်ရှိလာသည့် အမေရိကန်အရာရှိဟောင်းများ ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံခဲ့သည်။

အမေရိကန်သည် ထိုင်ဝမ်ကို ဆက်လက် ထောက်ခံသွားလိမ့်မည်ဟု မျှော်လင့်ကြောင်း လိုင်က အမေရိကန် ကိုယ်စားလှယ်များကို ပြောကြားခဲ့သည်။

Source: Japan Times