CNI International News

ဝါရှင်တန်၊ ဇန်နဝါရီ ၁၆

အမေရိကန် သမ္မတရွေးကောက်ပွဲများတွင် ဒီမိုကရက်တစ်ပါတီနှင့် ရီပတ်ဘလစ်ကန်ပါတီတို့အကြား အကြိတ် အနယ် ယှဉ်ပြိုင်ရလေ့ရှိသည့် မဲယိမ်းပြည်နယ်ဟု လူသိများသည့် swing states များတွင် သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Donald Trump)က ဦးဆောင်နေကြောင်း Japan Times မှ ဖော်ပြခဲ့သည်။

မဲယိမ်းပြည်နယ်များဆိုသည်မှာ ပါတီတစ်ခုကို သတ်သတ်မှတ်မှတ် ထောက်ခံခြင်းမရှိဘဲ ထောက်ခံမှု ပြောင်းလဲ တတ်သည့် ပြည်နယ်များဖြစ်သဖြင့် သမ္မတရွေးကောက်ပွဲများတွင် အဆုံးအဖြတ်ပေးသည့် ပြည်နယ်များအဖြစ် လည်း လူသိများသည်။

လက်ရှိတွင် ဒေါ်နယ်ထရမ့်သည် ပြစ်မှုဆိုင်ရာ စွဲချက်များနှင့် ရင်ဆိုင်နေရသည့်တိုင် ၂၀၂၄ သမ္မတရွေးကောက်ပွဲ၌ ရီပတ်ဘလစ်ကန်ပါတီ၏ ပြိုင်ဘက်များကို ကျော်ဖြတ်ပြီး ပါတီကိုယ်စားပြုသည့် ရွေးကောက်ပွဲဝင် ကိုယ်စား လှယ်လောင်း ဖြစ်လာလိမ့်မည်ဟု ရေပန်းစားနေသည်။

ဘိုင်ဒန်ကို တွေ့ရစဉ်

ဒေါ်နယ်ထရမ့် ရင်ဆိုင်နေရသည့် အမှုများထဲတွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်က ၎င်းအား ထောက်ခံသူများကို လွှတ်တော် အဆောက်အအုံအား ဝင်ရောက်စီးနင်းရန် သွေးထိုးလှုံ့ဆော်မှုလည်း ပါဝင်နေသည်။

အမေရိကန်ရွေးကောက်ပွဲများတွင် ဒီမိုကရက်တစ်ပါတီနှင့် ရီပတ်ဘလစ်ကန်ပါတီအကြား အကြိတ်အနယ် ယှဉ်ပြိုင်ရသည့် ပြည်နယ်များဖြစ်သည့် နီဗားဒါး (Nevada)၊ဂျော်ဂျီယာ (Georgia)၊ အရီဇိုးနား (Arizona) ၊ ပင်ဆယ်ဗေးနီးယား (Pennsylvania)နှင့် မီချီဂန် (Michigan) ပြည်နယ်များတွင် နေထိုင်သည့် ဒေါ်နယ်ထရမ့်အား ထောက်ခံသူများကို သတင်းထောက်များက စစ်တမ်းကောက်ယူမှုများ ပြုလုပ်ခဲ့သည်။

ရွေးကောက်ပွဲမတိုင်မီ ပြုလုပ်သည့် အဆိုပါ လူထုဆန္ဒ သဘောထား ကောက်ယူမှု စစ်တမ်းများအရ ဒေါ်နယ်ထရမ့်သည် မဲယိမ်းပြည်နယ်အချို့တွင် လက်ရှိ ဒီမိုကရက်တစ်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) ကို အသာစီးရထားသည်။

နစ်ကီဟာလေးကိုတွေ့ရစဉ်

ဒေါ်နယ်ထရမ့်သည် နိုဝင်ဘာလ ရွေးကောက်ပွဲတွင် ဘိုင်ဒန်နှင့် မကြေပွဲနွှဲမည့် ကိုယ်စားလှယ်လောင်း တစ်ဦး အဖြစ် ဖြစ်နိုင်ခြေ အများဆုံးဖြစ်ကြောင်း ရလဒ်များ ထွက်ပေါ်ခဲ့သည်။ 

ရီပတ်ဘလစ်ကန်ပါတီသည် လာမည့် သမ္မတရွေးကောက်ပွဲအတွက် ပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ရွေးချယ်မှုကို ဇန်နဝါရီ ၁၅ ရက်တွင် အိုင်အိုဝါ (Iowa) ပြည်နယ်၌ စတင်ရွေးချယ်မည် ဖြစ်သည်။ 

လက်ရှိတွင် ရီပတ်ဘလစ်ကန်ပါတီအတွက် ကိုယ်စားပြုယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခံ ရမည့် ရေပန်းစား နေသူများစာရင်းတွင် ဒေါ်နယ်ထရမ့်၊ ဖလော်ရီဒါ(Florida)ပြည်နယ် အုပ်ချုပ်ရေးမှူး ရွန် ဒီဆန်းတစ် (Ron DeSantis)၊ တောင်ကာရိုလိုင်းနား (South Carolina) ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း နစ်ကီ ဟာလေး (Nikki Haley)၊ နည်းပညာ စွန့်ဦးတီထွင်ပညာရှင် ဗီဗက် ရာမာဆွာမိ (Vivek Ramaswamy) နှင့် အာကန်ဆပ် (Arkansas) ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း အက်ဆာ ဟွတ်ချင်ဆန် (Hutchinson) တို့ ဖြစ် သည်။ 

Source: Japan Times