CNI Sport News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၇
ဘရာဇီးလ်အသင်းနည်းပြ အန်ဆယ်လော့တီက နိုင်ငံနဲ့ ကလပ်အသင်းအတွက် ခြေစွမ်းပြသနေတဲ့ အက်စ်တီဗာအိုလို ကစားသမားမျိုး ပိုင်ဆိုင်တာက သူတို့အတွက်ရော ချယ်လ်ဆီးအသင်း အတွက်ပါ ကံကောင်းတယ်လို့ ပြောခဲ့ပါတယ်။
အန်ဆယ်လော့တီက “သူ့အသက်အရွယ်နဲ့ ဒီအဆင့်မှာ လုပ်ပြနေတာက အံ့အားသင့်စရာပါပဲ။ အက်စ်တီဗာအိုနဲ့ ဘရာဇီးလ်ရဲ့ အနာဂတ်ဟာ အာမခံချက် ရှိသွားပြီလို့ ကျနော် ပြောနိုင်ပါတယ်။ သူဟာ သူ့ရဲ့ အရည်အသွေးတွေ ကို ချယ်လ်ဆီးအသင်းမှာလည်း ပွဲတိုင်းပြသနိုင်ပြီး ဒီလိုမျိုးလုပ်ပြဖို့ မိနစ် အများကြီး မလိုပါဘူး။ ၅ မိနစ် ကစားခွင့် ရရင်တောင် သူ့ရဲ့ အရည်အသွေးကို ပြသနိုင်ပါတယ်။ သူ့ကိုပိုင်ဆိုင်တာ ဘရာဇီးလ်အသင်းအတွက် အလွန် ကံ ကောင်းသလို ချယ်လ်ဆီးအသင်းလည်း အတူတူပါပဲ”လို့ ပြောခဲ့တာပါ။
အက်စ်တီဗာအိုဟာ ဘရာဇီးလ်အသင်းက ဆီနီဂေါအသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲမှာ အသင်း အတွက် အဖွင့်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
အက်စ်တီဗာအိုဟာ ပြီးခဲ့တဲ့ အောက်တိုဘာက တောင်ကိုရီးယားအသင်းနဲ့ ခြေစမ်းပွဲမှာလည်း ဘရာဇီးလ်အသင်း အတွက် ၂ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

အက်စ်တီဗာအိုကို တွေ့ရစဉ်
အသက် ၁၈ နှစ်အရွယ်ရှိ အက်စ်တီဗာအိုဟာ ဘရာဇီးလ်အသင်းအတွက် ၁၀ ပွဲ ပါဝင်ကစားထားအပြီးမှာ ၄ ဂိုး သွင်းယူကာ အကောင်းဆုံးပုံစံ ပြသနေတာပါ။
အက်စ်တီဗာအိုဟာ ချယ်လ်ဆီးအသင်း အတွက်လည်း ဒီရာသီ ၁၆ ပွဲ ကစားအပြီးမှာ ၄ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။
ဘရာဇီးလ်အသင်းနည်းပြ အန်ဆယ်လော့တီက အက်စ်တီဗာအိုကို ချီးကျူးခဲ့ပြီး သူ့ကိုရထားတာ သူတို့အတွက် ရော ချယ်လ်ဆီး အသင်းအတွက်ပါ ကံကောင်းတယ်လို့ ပြောခဲ့ပါတယ်။
ဘရာဇီးလ်အသင်းဟာ နည်းပြ အန်ဆယ်လော့တီ လက်ထက်မှာ ၇ ပွဲ ကစားထားပြီး ၄ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၂ ပွဲ ရှုံးနိမ့်ထားပါတယ်။
ဘရာဇီးလ်အသင်းဟာ လာမယ့် ခြေစမ်းပွဲအဖြစ် တူနီးရှားအသင်းနဲ့ ယှဉ်ပြိုင်မှာဖြစ်ပြီး ဒီပွဲပြီးရင် လာမယ့်နှစ်၊ မတ်လ ရောက်မှသာ ပြင်သစ်၊ ခရိုအေးရှားအသင်းတို့နဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
Source: Goal
