CNI Sport News
၂၀၂၆ ခုနှစ်၊ မေလ ၁၅
ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်(CBF)ဟာ အန်ဆယ်လော့တီကို ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ဘရာဇီးလ်အသင်း နည်းပြအဖြစ် ရှိနေစေဖို့အတွက် နောက်ထပ် ၄ နှစ် စာချုပ်သက်တမ်း တိုးခဲ့ပါတယ်။
အသက် ၆၆ နှစ်အရွယ်ရှိ အီတလီလူမျိုးနည်းပြဟာ ရီးရယ်လ်အသင်းကနေ ထွက်ခွာပြီးနောက် ၂၀၂၅ ခုနှစ်၊ မေလမှာ ဘရာဇီးလ်အသင်း နည်းပြအဖြစ် စတင်တာဝန်ယူခဲ့တာပါ။
အန်ဆယ်လော့တီဟာ ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်နဲ့ စာချုပ် သက်တမ်းတိုးမယ်လို့ အရင်ကတည်းက ပြောခဲ့ပြီး အခုအချိန်မှာ CBF က စာချုပ် သက်တမ်းတိုးကြောင်း အတည်ပြုခဲ့ပါတယ်။
အန်ဆယ်လော့တီက “ကျနော်ဟာ ဘရာဇီးလ်ကို ရောက်ခဲ့တဲ့ ပထမဆုံး မိနစ်ကတည်းက ဘောလုံးဟာ ဒီနိုင်ငံ အတွက် ဘာကိုဆိုလိုလဲဆိုတာ နားလည်ခဲ့ပါတယ်။ တစ်နှစ်တာ ကာလအတွင်းမှာ ဘရာဇီးလ်အသင်းကို ကမ္ဘာ့ထိပ်တန်းအဆင့် ပြန်ရောက်အောင် ကျနော်တို့ ကြိုးစားနေပေမယ့် CBF နဲ့ ကျနော်ဟာ အောင်ပွဲတွေ၊ အချိန်တွေနဲ့ အလုပ်တွေ ပိုပြီးလိုချင်ပါတယ်။ ၂၀၃၀ ကမ္ဘာ့ဖလားအထိ ကျနော်တို့ အတူတကွ ဖြတ်သန်းသွားမှာ ဖြစ်ပြီး CBF ရဲ့ယုံကြည်မှုအတွက် ကျေးဇူးတင်သလို နွေးထွေးစွာ ကြိုဆိုမှုနဲ့ ချစ်ခင်မှုတွေအတွက် ကျေးဇူးတင် တယ် ဘရာဇီးလ်”လို့ ပြောခဲ့တာပါ။

အန်ဆယ်လော့တီကို တွေ့ရစဉ်
CBF အကြီးအကဲကလည်း အန်ဆယ်လော့တီကို ဆက်ထိန်းထားဖို့ ဆုံးဖြတ်ချက်ဟာ ဘရာဇီးလ်ဘောလုံးအတွက် သမိုင်းဝင် တစ်နေ့ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
အန်ဆယ်လော့တီဟာ ဘရာဇီးလ်အသင်းကို ၁၀ ပွဲ ကိုင်တွယ်ထားပြီး ၅ ပွဲနိုင်၊ ၂ ပွဲသရေနဲ့ ၃ ပွဲရှုံးနိမ့်ထားတာပါ။
ဘရာဇီးလ်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၆ ကြိမ်မြောက် ကမ္ဘာ့ဖလား ချန်ပီယံဆုကို ကိုင်မြှောက်နိုင်ဖို့ ရည်မှန်းထားပါတယ်။
ဘရာဇီးလ်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့အုပ်စု C မှာ စကော့တလန်၊ မော်ရိုကို၊ ဟေတီအသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာ ဖြစ်ပါတယ်။
Source: ESPN
