CNI Sport News

၂၀၂၅ ခုနှစ်၊ မတ်လ ၂၇

ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်(CBF)ဟာ ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီနဲ့ ဆွေးနွေးမှုတွေ ပြန်လည် ပြုလုပ်ပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်အသင်း နည်းပြအဖြစ် ခန့်အပ်ဖို့ ဆန္ဒရှိနေပါတယ်။

ဘရာဇီးလ်အသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)မှာ အာဂျင်တီးနားအသင်းကို ၄ ဂိုး-၁ ဂိုးနဲ့ အရှက်ရဖွယ် ရှုံးနိမ့်ပြီးနောက် ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်ဟာ နည်းပြ ဒိုရီဗယ်လ်ဂျူနီယာရဲ့ အနာဂတ်ကို ဆုံးဖြတ်ဖို့ရှိနေတာပါ။ 

ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်ဟာ ဒိုရီဗယ်လ်ဂျူနီယာရဲ့ နေရာမှာ အစားထိုးဖို့ နည်းပြသစ် ရှာဖွေမှုပြုလုပ်နေပြီး သူတို့ရဲ့စာရင်းထဲမှာ ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီ၊ ဖလာမင်ဂိုအသင်းနည်းပြ ဖီလစ်ပီလူးဝစ်နဲ့ အယ်လ်ဟီလယ်အသင်းနည်းပြ ဂျော့ချ်ဂျီးဆပ်စ်တို့ ပါဝင်နေတာဖြစ်ပါတယ်။ 

ဘရာဇီးလ်အသင်းကိုတွေ့ရစဉ်

ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်ဟာ ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီကို အဓိက ပစ်မှတ်အဖြစ် သတ်မှတ် ထားပြီး ထပ်မံ အဆက်အသွယ် ပြုလုပ်ခဲ့တယ်လို့ The Athletic က ဖော်ပြထားပါတယ်။ 

အန်ဆယ်လော့တီဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ဘရာဇီးလ်အသင်းကို ကိုင်တွယ်ဖို့ နီးစပ်ခဲ့သလို ဘရာဇီးလ် အသင်း ကစားသမားတွေကလည်း သူ့ကို နည်းပြအဖြစ် ခန့်အပ်စေချင်ခဲ့တာပါ။ 

ဒါပေမယ့် အန်ဆယ်လော့တီဟာ ရီးရယ်လ်အသင်းနဲ့ စာချုပ်သက်တမ်းတိုးပြီး ဆက်ရှိခဲ့တာဖြစ်ပါတယ်။

အန်ဆယ်လော့တီနဲ့ ရီးရယ်လ်အသင်းတို့ရဲ့ လက်ရှိစာချုပ်ဟာ ၂၀၂၆ ခုနှစ် နွေရာသီမှာ ကုန်ဆုံးမှာဖြစ်လို့ ဘရာဇီးလ် ဘောလုံးအဖွဲ့ချုပ်ဟာ သူ့ကိုနည်းပြအဖြစ် ခန့်အပ်ဖို့ ပြန်စိတ်ဝင်စားလာခဲ့တာပါ။ 

ဘရာဇီးလ်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)မှာ အမှတ်ပေးဇယားအဆင့် ၄ နေရာ ရပ်တည်နေပြီး အဆင့် ၇ နေရာက ဗင်နီဇွဲလားအသင်းကို ရမှတ် ၆ မှတ်ဖြတ်ထားပါတယ်။

အဲဒါကြောင့် ဘရာဇီးလ်အသင်းဟာ လက်ကျန်ခြေစစ်ပွဲ ၄ ပွဲမှာ ရလဒ်ကောင်း ရယူနိုင်ရင် ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲ ခြေစစ်ပွဲအောင်မြင်ဖို့ အခွင့်အရေး ကောင်းတွေရှိနေတာ ဖြစ်ပါတယ်။

Source: Dailymail