CNI Sport News
၂၀၂၆ ခုနှစ်၊ မတ်လ ၁၀
ခရိုအေးရှား၊ ပြင်သစ်အသင်းတို့နဲ့ ခြေစမ်းပွဲတွေအတွက် ဘရာဇီးလ်အသင်းရဲ့ ယာယီလူစာရင်းထဲမှာ ဆန်းတို့စ် အသင်းက နေမာ၊ လိုင်ယွန်အသင်းထံ အငှားကစားနေတဲ့ အန်းဒရစ်နဲ့ ဘရန်ဖို့ဒ်အသင်း တိုက်စစ်မှူး သီယာဂိုတို့ ပါဝင်နေတယ်လို့ TV Globo က ဖော်ပြထားပါတယ်။
ဘရာဇီးလ်အသင်းနည်းပြ အန်ဆယ်လော့တီနဲ့ ဘရာဇီးလ် ဘောလုံးအဖွဲ့ချုပ်က တာဝန်ရှိသူ ရိုဒရီဂိုတို့ဟာ နေမာနဲ့ ကစားသမားတချို့ရဲ့ ခြေစွမ်းတွေကို စောင့်ကြည့်မှုတွေ ပြုလုပ်သွားဖို့ ရှိနေတာပါ။
ယာယီလူစာရင်းဟာ ခြေစမ်းပွဲအတွက် အပြီးသတ် လူစာရင်း မဟုတ်တာကြောင့် ကစားသမားတွေ အနေနဲ့ ကလပ်အသင်းပွဲတွေမှာ အကောင်းဆုံး စွမ်းဆောင်ရည် ပြသဖို့ လိုအပ်နေပါတယ်။
ခြေစမ်းပွဲအတွက် ဘရာဇီးလ်အသင်းရဲ့ အပြီးသတ် လူစာရင်းကို မတ်လ ၁၆ ရက်မှာ ကြေညာသွားဖို့ ရှိနေပါတယ်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှာ ပြင်းထန်တဲ့ ဒူးဒဏ်ရာ ရပြီးကတည်းက ဘရာဇီးလ်အသင်းအတွက် ပါဝင်နိုင်ခြင်း မရှိသေးတဲ့ နေမာဟာ နိုင်ငံအသင်းအတွက် သူ့ရဲ့နောက်ဆုံး ပြိုင်ပွဲဖြစ်နိုင်တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ဖို့ မျှော်လင့်နေတာပါ။

ဘရာဇီးလ်အသင်း နည်းပြ အန်ဆယ်လော့တီကို တွေ့ရစဉ်
လာမယ့်ခြေစမ်းပွဲ ၂ ပွဲဟာ ဘရာဇီးလ်အသင်းအတွက် ကမ္ဘာ့ဖလားမတိုင်မီ ပြင်ဆင်မှုတွေကို အပြီးသတ်မယ့် နောက်ဆုံး အခွင့်အရေးတွေ ဖြစ်ပါတယ်။
ဘရာဇီးလ်အသင်းနည်းပြ အန်ဆယ်လော့တီဟာ အလားအလာရှိတဲ့ ကစားသမား အများအပြားကို စောင့်ကြည့် နေပြီး ဘုန်းမောက်အသင်း ကြယ်ပွင့် ရာယန်ဟာ သူ့ရဲ့စဉ်းစားမှုထဲမှာ ပါဝင်နေတာပါ။
ဘရန်ဖို့ဒ်အသင်းမှာ ဂိုး အများအပြား သွင်းယူပြီး ခြေစွမ်းပြသနေတဲ့ အီဂေါသီယာဂိုနဲ့ လိုင်ယွန်အသင်းမှာ ပုံမှန် ခြေစွမ်း ပြန်ရနေတဲ့ အန်းဒရစ်တို့ဟာ ဘရာဇီးလ်အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် အလားအလာရှိတဲ့ ရွေးချယ်မှု အဖြစ် ရှိနေပါတယ်။
ဘရာဇီးလ်အသင်းဟာ မတ်လ ၂၃ ရက်ကျရင် ဖလော်ရီဒါမှာ အခြေစိုက်ကာ စခန်းသွင်း လေ့ကျင့်မှု စတင်မှာ ဖြစ်ပြီး ပြင်သစ်နဲ့ပွဲအတွက် ဘော်စတွန်ကို သွားရောက်ကာ ခရိုအေးရှားနဲ့ပွဲအတွက် ဖလော်ရီဒါထံ ပြန်လာမှာပါ။
ဘရာဇီးလ်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် နောက်ဆုံး လူစာရင်းကို မေလ ၁၉ ရက်မှာ ထုတ်ပြန်မယ်လို့ သိရပါတယ်။
Source: besoccer
