CNI Sport News

၂၀၂၆ ခုနှစ်၊ မတ်လ ၁၁

ဂါလာတာစာရေးအသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲမှာ လီဗာပူးလ်အသင်းရဲ့အခွင့်အရေးတွေဖြုန်းတီးမှုကို နည်းပြအာနီဆလော့က စိတ်ပျက်နေခဲ့ပါတယ်။ 

အာနီဆလော့က “ကျနော်တို့ဟာ ပွဲကိုကောင်းမွန်စွာစတင်နိုင်ခဲ့သလို ကောင်းမွန်တဲ့အခိုက်အတန့် ၃၊ ၄ ခုလောက်ရှိခဲ့ပါတယ်။ ကျနော်တို့ဟာ နောက်ဆုံးအကြိမ်တွေ့ခဲ့သလိုပဲ ဒီပွဲမှာလည်း ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ သူတို့ဟာ အခွင့်အရေးရချိန်မှာ သူတို့ဘဝရဲ့နောက်ဆုံးအခွင့်အရေးပုံစံနဲ့မျိုးနဲ့ ပြုလုပ်ခဲ့တာပါ။ ဒါက ကျနော်တို့သင်ယူနိုင်တဲ့အရာတစ်ခုပါ။ ဒီနေရာက ခက်ခဲတဲ့နေရာဖြစ်နေပါပြီ”လို့ ပြောခဲ့တာပါ။ 

လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့စက်တင်ဘာလက League Phase မှာတွေ့ဆုံခဲ့တုန်းကလည်း ဂါလာတာစာရေးအသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့သလို ဒီပွဲမှာလည်း တူညီတဲ့ရလဒ်နဲ့အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ 

ဒီပွဲမှာရခဲ့တဲ့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တဲ့ လီဗာပူးလ်အသင်းဟာ ဒုတိယအကျော့အိမ်ကွင်းမှာကစားမယ့် ဒုတိယအကျော့ပွဲမှာ နိုင်ပွဲရယူနိုင်ဖို့လိုအပ်နေတာပါ။ 

 လီဗာပူးလ်အသင်းကိုတွေရစဉ်

လီဗာပူးလ်အသင်းကိုကိုင်တွယ်တာ ပွဲ ၁၀၀ ပြည့်ခဲ့တဲ့ပွဲမှာ ရှုံးပွဲတွေ့ခဲ့တဲ့ အာနီဆလော့က အသင်းရဲ့ရလဒ်အပြင် သူတို့ရဲ့သွင်းဂိုးကို ခွင့်မပြုခဲ့တဲ့ ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်ကိုလည်း စိတ်ပျက်နေခဲ့ပါတယ်။ 

ဂါလာတာစာရေးအသင်းဟာ လီဗာပူးလ်အသင်းကို အိမ်ကွင်းလက်ခံကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲတိုင်းမှာ ရှုံးပွဲမရှိတဲ့မှတ်တမ်းကောင်းကို ဆက်ပြီးထိန်းသိမ်းနိုင်ခဲ့တာပါ။ 

ဒါ့အပြင်ဂါလာတာစာရေးအသင်းဟာ ဥရောပပြိုင်ပွဲတွေရဲ့ရှုံးထွက်အဆင့်မှာ နောက်ဆုံးကစားခဲ့တဲ့ အိမ်ကွင်း ၁၁ ပွဲစလုံးရှုံးနိမ့်ခဲ့ခြင်းမရှိပါဘူး။ 

လီဗာပူးလ်အသင်းဟာ ဂါလာတာစာရေးအသင်းနဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ဒုတိယအကျော့ပွဲမတိုင်မီ စပါးအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။