CNI Sport News

၂၀၂၆ ခုနှစ်၊ ဧပြီ ၉

လီဗာပူးလ်အသင်းဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပထမအကျော့ပွဲမှာ လက်ရှိချန်ပီယံ PSG အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ပေမယ့် နည်းပြအာနီဆလော့က သူတို့အရှုံးမပေးသေးတဲ့အတွက် အခွင့်အရေးရှိသေးတယ်လို့ ပြောခဲ့ပါတယ်။ 

အာနီဆလော့က “ပွဲတစ်ခုလုံးပြန်ကြည့်ရင် ၂ ဂိုး-ဂိုးမရှိနဲ့သာ အရေးနိမ့်ခဲ့တာက ကျနော်တို့ကံကောင်းခဲ့တယ်လို့ထင်ပါတယ်။ ဒါက ကျနော်တို့အတွက် ကောင်းမွန်သလို အန်ဖီးလ်ကွင်းက ကျနော်တို့အတွက် ဘယ်လောက်အထိကောင်းမွန်လဲဆိုတာ သိပါတယ်။ PSG အသင်းက ပိုပြီးကောင်းတဲ့အသင်းဖြစ်ပေမယ့် ကျနော်တို့အရှုံးပေးမှာမဟုတ်ပါဘူး။ အဲ့ဒါကြောင့် အခွင့်အရေးရှိနေသေးတယ်”လို့ ပြောခဲ့တာပါ။ 

PSG အသင်းဟာ ဒီပွဲမှာ အဆုံးသတ်ပိုင်းတွေပိုပြီးကောင်းမွန်မယ်ဆိုရင် လီဗာပူးလ်အသင်းကို ဒီထက်ဂိုးပြတ်ပြီး အနိုင်ရရှိမယ့် အခြေအနေမှာရှိခဲ့ပါတယ်။ 

လီဗာပူးလ်အသင်းဟာ ဒီပွဲမှာ ဆာလက်ကို ချန်လှပ်ကာ ၃-၄-၃ ကစားကွက်ကို အသုံးပြုခဲ့ပေမယ့် ဒီနည်းဗျူဟာက PSG အသင်းကို တားဆီးနိုင်ခဲ့ခြင်းမရှိတာပါ။ 

လီဗာပူးလ်အသင်းနှင့်PSGအသင်းတို့ ယှဉ်ပြိုင်နေစဉ်

လီဗာပူးလ်အသင်းဟာ PSG အသင်းရဲ့တစ်ပွဲလုံးအသာစီးနဲ့ ကစားခြင်းကို ခံခဲ့ရသလို ဂိုးပေါက်တည့်မှု ၁ ကြိမ်မှမရှိခဲ့တာဖြစ်ပါတယ်။ 

ဒါပေမယ့် နည်းပြအာနီဆလော့က လီဗာပူးလ်အသင်းဟာ အိမ်ကွင်းအန်ဖီးလ်မှာ PSG အသင်းကို အနိုင်ယူပြီး ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်တက်နိုင်ဖို့ မျှော်လင့်နေပါတယ်။ 

ဒါ့အပြင်အာနီဆလော့က အန်ဖီးလ်မှာ အများကြီးဖြစ်ပျက်နိုင်တာကြောင့် အသင်းရဲ့ပရိသတ်တွေဟာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ရမယ်လို့ ပြောခဲ့ပါတယ်။ 

PSG အသင်းနည်းပြလူးဝစ်အင်းနရစ်က “လီဗာပူးလ်အသင်းနောက်တန်း ၅ ဦးနဲ့ကစားတာကို ပထမဆုံးအကြိမ်မြင်တွေ့ခဲ့ရလို့ အံ့အားသင့်မိပေမယ့် အသင်းတွေဟာ သူတို့နဲ့ကစားဖို့ ကစားကွက်ပုံစံတွေကို ပြောင်းလဲနေတာ မြင်တွေ့နေကျဖြစ်တယ်”လို့ မှတ်ချက်ပေးခဲ့ပါတယ်။ 

PSG အသင်းဟာ ဒုတိယအကျော့ပွဲကိုလည်း အနိုင်ရရှိအောင် ကြိုးစားသွားမယ်လို့ နည်းပြလူးဝစ်အင်းနရစ်က ပြောခဲ့ပါတယ်။