CNI Sport News
၂၀၂၆ ခုနှစ်၊ ဧပြီလ ၈
စပါးအသင်းဟာ နွေရာသီမှာ အသင်းကနေ ထွက်ခွာဖွယ်ရှိနေတဲ့ အီတလီဂိုးသမားဗီကာရီယိုရဲ့နေရာမှာ မန်စီးတီးအသင်းဂိုးသမား ဂျိမ်းစ်ထရက်ဖိုဒ့်ကို အစားထိုးဖို့ အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားပါတယ်။
ဗီကာရီယိုရဲ့စပါးအသင်းမှာ ၂ ရာသီကြာရှိနေမှုဟာ နွေရာသီမှာ အဆုံးသတ်ဖို့ရှိနေပြီး သူဟာ လာမယ့် အပြောင်းအရွှေ့မှာ ထွက်ခွာဖို့ သဘောတူညီမှုရရှိပြီးပြီလို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
အင်တာမီလန် အသင်းဟာ ဗီကာရီယိုကို စီးရီးအေပြိုင်ပွဲထံပြန်ခေါ်ယူဖို့ ဦးဆောင်နေပြီး စပါးအသင်းဟာ အသင်းကို အပြောင်းအလဲအများအပြားပြုလုပ်ဖို့ရှိနေပါတယ်။
ဗီကာရီယိုဟာ လက်ရှိအချိန်မှာ ခွဲစိတ်ကုသမှုခံယူထားတာကြောင့် နည်းပြသစ်ဒီဇာဘီရဲ့ စပါးအသင်းပွဲဦးထွက် ဖြစ်တဲ့ ဆန်းဒါးလန်းအသင်းနဲ့ပွဲမှာ ပါဝင်နိုင်ဖို့ မသေချာပါဘူး။
စပါးအသင်းဟာ ဂိုးသမားနေရာကို အစားထိုးဖို့ အတွက် မန်စီးတီးအသင်းဂိုးသမား ဂျိမ်းစ်ထရက်ဖိုဒ့်ကို စောင့်ကြည့်နေတယ်လို့ The Sun က ဖော်ပြထားပါတယ်။
ဂျိမ်းစ်ထရက်ဖိုဒ့်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ မန်စီးတီးအသင်းထံ ပြန်လည်ပြောင်းရွှေ့လာခဲ့ပေမယ့် PSG အသင်း ကနေ ရောက်လာခဲ့တဲ့ ဂိုးသမားဒွန်နာရမ်မာကြောင့် ပွဲကစားချိန်ရရှိဖို့ ရုန်းကန်နေရတာပါ။
ဂျိမ်းစ်ထရက်ဖိုဒ့်ဟာ ဒွန်နာရမ်မာရောက်ရှိလာပြီးကတည်းက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပါဝင်ရခြင်းမရှိတော့ဘဲ ဖလားပြိုင်ပွဲတွေမှာသာ မန်စီးတီးအသင်းအတွက် ကစားခွင့်ရခဲ့ပါတယ်။
မန်စီးတီးအသင်းက အာဆင်နယ်အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့အနိုင်ရခဲ့တဲ့ ကာရာဘောင်းဖလားဗိုလ်လုပွဲနဲ့ လီဗာပူးလ် အသင်းကို ၄ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ၂ ပွဲစလုံးကို ဂျိမ်းစ်ထရက်ဖိုဒ့်က ပွဲထွက်ပြီး လက်စွမ်းပြသနိုင်ခဲ့ပါတယ်။
ဂျိမ်းစ်ထရက်ဖိုဒ့်ကို ခေါ်ယူဖို့ နယူးကာဆယ်နဲ့ အက်စတွန်ဗီလာအသင်းတို့ကလည်း စိတ်ဝင်စားနေတာကြောင့် စပါးအသင်းဟာ သူ့ကိုခေါ်ယူနိုင်ဖို့အတွက် ကြီးမားတဲ့ပြိုင်ဆိုင်မှုနဲ့ ရင်ဆိုင်ရဖို့ရှိနေပါတယ်။
Source: Goal
