CNI Sport News

၂၀၂၆ ခုနှစ်၊ ဧပြီလ ၈

နာပိုလီအသင်းနည်းပြကွန်တီဟာ အီတလီလက်ရွေးစင်အသင်းကို ပြန်ပြီးကိုင်တွယ်ဖို့ ငြင်းဆန်ခဲ့ခြင်းမရှိဘူးလို့ ESPN သတင်းမှာ ဖော်ပြထားပါတယ်။ 

အီတလီဘောလုံးအဖွဲ့ချုပ်(FIGC)ဟာ ထွက်ခွာခဲ့တဲ့ နည်းပြဟောင်းဂတ်တူဆိုရဲ့နေရာကို ဆက်ခံဖို့ စဉ်းစားနေတဲ့ နည်းပြလောင်းတွေထဲမှာ ကွန်တီဟာ တစ်ဦးအနေနဲ့ပါဝင်နေတာပါ။

၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲကို အီတလီ အသင်း မအောင်မြင်ခဲ့ပြီးနောက် ဂတ်တူဆိုဟာ ပြီးခဲ့တဲ့အပတ်မှာ နည်းပြရာထူးကနေ ထွက်ခွာခဲ့တာဖြစ်ပါတယ်။ 

ကွန်တီက သူ့ရဲ့နာမည်ကို နိုင်ငံအသင်းအတွက် နည်းပြလောင်းစာရင်းထဲမှာ ထည့်သွင်းထားတာက မှန်ကန် တယ်လို့ နာပိုလီအသင်းက အေစီမီလန်အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ စီးရီးအေပွဲအပြီးမှာ ပြောခဲ့ပါတယ်။ 

ကွန်တီဟာ အီတလီအသင်းကို ၂၀၁၄ ကနေ ၂၀၁၆ ခုနှစ်အထိ ကိုင်တွယ်ခဲ့ဖူးပြီး ယူရို ၂၀၁၆ ပြိုင်ပွဲမှာ ကွာတား ဖိုင်နယ်ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ 

အီတလီအသင်းကနေ ထွက်ခွာပြီးနောက် ချယ်လ်ဆီးအသင်းကို ကိုင်တွယ်ခဲ့တဲ့ ကွန်တီက သူဟာ နိုင်ငံအသင်းနဲ့ အလုပ်လုပ်ဖူးပြီးဖြစ်တာကြောင့် ပတ်ဝန်းကျင်အခြေအနေကို သိတယ်လို့ ပြောခဲ့ပါတယ်။ 

ဒါပေမယ့် ကွန်တီက သူဟာ နာပိုလီအသင်းနဲ့ စာချုပ်ရှိတာကြောင့် ရာသီကုန်မှာ အသင်းအကြီးအကဲနဲ့တွေ့ဆုံပြီးရင် ဘာတွေ ဖြစ်လာ မလဲဆိုတာ မြင်တွေ့ရမယ်လို့ ပြောခဲ့တာပါ။ 

နာပိုလီအသင်းနဲ့ ၂၀၂၇ ခုနှစ်၊ ဇွန်လအထိ စာချုပ်ရှိနေတဲ့ ကွန်တီက နောက်ထပ်ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော် ပြီးနောက် အီတလီဘောလုံးလောကမှာ အပြောင်းအလဲတွေပြုလုပ်ဖို့လိုအပ်တယ်လို့လည်း ယုံကြည်နေပါတယ်။ 

ကွန်တီကိုင်တွယ်နေတဲ့ နာပိုလီအသင်းဟာ ဒီရာသီစီးရီးအေပြိုင်ပွဲမှာ ထိပ်ဆုံးနေရာက အင်တာမီလန်အသင်းနဲ့ ၇ မှတ်အကွာ အဆင့် ၂ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။