CNI Sport News

၂၀၂၆ ခုနှစ်၊ ဧပြီလ ၈

ရီးရယ်လ်အသင်းဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပထမအကျော့ အိမ်ကွင်းပွဲမှာ ဘိုင်ယန်မြူးနစ်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ပေမယ့် နည်းပြအာဘီလိုအာက အသင်းဟာ ဆီမီးဖိုင်နယ်တက်ဖို့ အခွင့်အရေးရှင်သန်နေဆဲလို့ ပြောခဲ့ပါတယ်။ 

အာဘီလိုအာက “ကျနော်တို့ရှင်သန်နေဆဲဆိုတာ ရှင်းပါတယ်။ ၁ ဂိုးပဲ ကွာတာဖြစ်တဲ့အတွက် ကျနော်တို့ဟာ ဘယ်နေရာမှာမဆို အနိုင်ယူနိုင်စွမ်းရှိပါတယ်။ ၂ ဂိုး-ဂိုးမရှိနဲ့အရေးနိမ့်ခဲ့ရင် ခက်ခဲမှာဖြစ်ပေမယ့် အခုတော့ ကျနော်တို့ဟာ အခွင့်အရေးရှိနေပါသေးတယ်။ ဘာကြောင့်လဲဆိုရင် မက်ဒရစ်က ဘယ်နေရာမှာမဆို အနိုင်ယူ နိုင်တာကြောင့်ပါ” လို့ Movistar ကို ပြောခဲ့ပါတယ်။ 

ဒီပွဲမှာ ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီယက်ဇ်၊ဟာရီကိန်းတို့ရဲ့သွင်းဂိုးတွေနဲ့ ဦးဆောင်နိုင်ခဲ့ပြီး ရီးရယ်လ်အသင်း အတွက် ချေပဂိုးကို ပွဲချိန် ၇၄ မိနစ်မှာ ဘတ်ပီက သွင်းယူခဲ့တာပါ။

ရီးရယ်လ်အသင်းနှင့် ဘိုင်ယန်မြူးနစ်အသင်းတို့ ယှဉ်ပြိုင်နေစဉ်

ရီးရယ်လ်အသင်းဟာ ဘတ်ပီရဲ့သွင်းဂိုးကြောင့် မြူးနစ်မှာ ကစားရမယ့် ဒုတိယအကျော့ပွဲအတွက် မျှော်လင့်ချက်တွေရှိနေသေးတာဖြစ်ပါတယ်။ 

ဘိုင်ယန်မြူးနစ်အသင်းကတော့ အဝေးကွင်းမှာ အနိုင်ရခဲ့တာဖြစ်လို့ ဒုတိယအကျော့အိမ်ကွင်းမှာ ကစားရမယ့်ပွဲ အတွက် အားသာချက်ရှိသွားခဲ့ပါတယ်။ 

ရီးရယ်လ်အသင်းနည်းပြအာဘီလိုအာက အသင်းဟာ အမှားအယွင်းတွေ လုပ်ခဲ့တာကြောင့် ပေးဆပ်ခဲ့ရတာဖြစ်ပေမယ့် သွင်းဂိုးက သူတို့ကို မျှော်လင့်ချက်ပေးတယ်လို့ ပြောခဲ့ပါတယ်။ 

ရီးရယ်လ်အသင်းကွင်းလယ်လူ ချူအာမန်နီဟာ ဒီပွဲမှာ ပြသခံခဲ့ရတဲ့ အဝါကတ်ကြောင့် ဒုတိယအကျော့ပွဲကို ပါဝင် နိုင်တော့မှာ မဟုတ်ပါဘူး။ 

ဘိုင်ယန်မြူးနစ်အသင်း ဂိုးသမားနူအာဟာ ဒီပွဲမှာ ဂိုးပေါက်ကာကွယ်မှု ၉ ကြိမ်အထိပြုလုပ်နိုင်ခဲ့ပြီး အကောင်းဆုံး ကစားသမားဆု ရခဲ့ပါတယ်။ 

ဘိုင်ယန်မြူးနစ်အသင်းနည်းပြကွန်ပနီက သူဟာ နူအာရဲ့ စွမ်းဆောင်ရည်ကို နေ့တိုင်းအထင်ကြီးလေးစားမိတယ်လို့ ပြောခဲ့ပါတယ်။ 

Source:ESPN