CNI Sport News

၂၀၂၄ ခုနှစ်၊ သြဂုတ် ၁၉

နာပိုလီအသင်းနည်းပြ ကွန်တီက သူကိုင်တွယ်တဲ့ ပထမဆုံးပွဲစဉ်မှာ ဗီရိုနာအသင်းကို ဂိုးပြတ် အရေးနိမ့်ပြီးနောက် အသင်းပရိသတ်တွေကို တောင်းပန်သွားခဲ့ပါတယ်။

ကွန်တီက “ကျနော်တို့ဟာ နေရောင်ထဲက နှင်းတွေလိုပဲ အရည်ပျော်သွားခဲ့ပါတယ်။ ကျနော်တို့ဟာ အသင်းကို စိတ်အားထက်သန်မှု အပြည့်နဲ့ အားပေးနေတဲ့ ပရိသတ်တွေကို တောင်းပန်သင့်ပါတယ်။ ကျနော်ဟာ နည်းပြဖြစ် တဲ့အတွက် ဒီရလဒ်ကို တာဝန်အပြည့်အဝ ယူပါတယ်။ အပြောင်းအရွှေ့ ဈေးကွက် မပိတ်ခင်မှာ အသင်းကို ကစားသမားသစ် ၄ ဦးအထိ ရောက်ရှိလာနိုင်ပါတယ်”လို့ ပြောခဲ့တာပါ။ 

နာပိုလီအသင်းဟာ ဗီရိုနာအသင်းနဲ့ ကစားခဲ့တဲ့ စီးရီးအေ ရာသီအဖွင့်ပွဲစဉ်မှာ ပထမပိုင်းပွဲချိန်အတွင်း ဂိုးမရှိ သရေကျခဲ့ပေမယ့် ဒုတိယပိုင်းမှာ ၃ ဂိုးပေးခဲ့ရပြီး ၃ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ်အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ 

ဒီပွဲမှာ နာပိုလီအသင်းဟာ ဘောလုံးပိုင်ဆိုင်မှုနဲ့ ဂိုးပေါက် ကန်သွင်းမှုအပိုင်းတွေမှာ ဗီရိုနာအသင်းကို အသာရခဲ့ ပေမယ့် အဆုံးသတ်ပိုင်း အားနည်းမှုတွေကြောင့် သွင်းဂိုးမရရှိခဲ့တာပါ။ 

နာပိုလီအသင်းဟာ အပြောင်းအရွှေ့ သတင်းတွေ ထွက်နေတဲ့ တိုက်စစ်မှူး အိုဆင်ဟမ်ကို ဒီပွဲမှာ အသုံးပြုသွား ခဲ့ခြင်း မရှိပါဘူး။

ကွန်တီကို တွေ့ရစဉ်

နာပိုလီအသင်းဟာ ၂၀၂၂-၂၃ ရာသီက စီးရီးအေပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီက နည်းပြ အပြောင်း အလဲ ၃ ဦးအထိ ပြုလုပ်ခဲ့ရပြီး အသင်းဟာ အဆင့် ၁၀ နေရာနဲ့ ရာသီအဆုံးသတ်ခဲ့ရတာ ဖြစ်ပါတယ်။ 

အဲဒါကြောင့် နာပိုလီအသင်းဟာ ချယ်လ်ဆီးနဲ့ စပါးအသင်းနည်းပြဟောင်း ကွန်တီကို နည်းပြသစ်အဖြစ် ခန့်အပ်ကာ ရလဒ်ကောင်းတွေရရှိဖို့ မျှော်လင့်ခဲ့ပေမယ့် အဖွင့်ပွဲစဉ်မှာ ဂိုးပြတ်ရှုံးပွဲနဲ့ ကြုံတွေ့ခဲ့ရတာပါ။ 

နာပိုလီအသင်းဟာ အပြောင်းအရွှေ့ ဈေးကွက်မပိတ်ခင်မှာ ယူနိုက်တက်အသင်း ကွင်းလယ်လူ တိုမီနေးကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်နေပါတယ်။ 

နာပိုလီအသင်းဟာ စီးရီးအေ ဒုတိယမြောက်ပွဲစဉ်အဖြစ် ဘိုလော့ဂ်နာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: BBC