CNI Sport News

၂၀၂၄ ခုနှစ်၊ သြဂုတ် ၁၉

ဘရန်ဖို့ဒ်အသင်းနည်းပြ သောမက်စ်ဖရန့်က အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်နေတဲ့ တိုက်စစ်မှူး အိုင်ဗန်တိုနေးဟာ အသင်းက ထွက်ခွာဖို့ မနီးစပ်သေးဘူးလို့ ပြောလိုက်ပါတယ်။

သောမက်စ်ဖရန့်က “အိုင်ဗန်တိုနေးဟာ ထွက်ခွာဖို့ မနီးစပ်သေးပါဘူး။ သူဟာ ထိပ်တန်း ကစားသမားဖြစ်ပြီး ကျနော်တို့ရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးပါ။ ပရီးမီးယားလိဂ် ထိပ်တန်း ကစားသမားတွေ အားလုံးဟာ တစ်နေ့ကျရင် ကလပ်ကနေ ထွက်ခွာသွားကြပါတယ်”လို့ ပြောခဲ့တာပါ။ 

ပဲလေ့စ်အသင်းကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ ဘရန်ဖို့ဒ်အသင်းဟာ တိုက်စစ်မှူး အိုင်ဗန်တိုနေးကို အသင်းရဲ့ လူစာရင်းကနေ ချန်လှပ်ခဲ့တာ ဖြစ်ပါတယ်။

ဒီနွေရာသီ အပြောင်းအရွှေ့မှာ အိုင်ဗန်တိုနေးကို ခေါ်ယူဖို့ ပရီးမီးယားလိဂ် ကလပ်အသင်းတွေက ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့သလို ဆော်ဒီပရိုလိဂ် ကလပ်အသင်း အချို့ကလည်း သူ့ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ကြတာပါ။ 

အိုင်ဗန်တိုနေးကို တွေ့ရစဉ်

ပြီးခဲ့တဲ့အပတ်က အယ်လ်အာလီအသင်းဟာ အိုင်ဗန်တိုနေးကို ခေါ်ယူဖို့ ပေါင် ၃၅ သန်းနဲ့ ကမ်းလှမ်းမှု ပြုလုပ် ခဲ့တာကို ဘရန်ဖို့ဒ်အသင်းက ပယ်ချခဲ့ပါတယ်။ 

အိုင်ဗန်တိုနေးဟာ ဘရန်ဖို့ဒ်အသင်းကို ၂၀၂၀ ခုနှစ်က ပီတာဘရော့အသင်းကနေ ရောက်ရှိလာခဲ့တာဖြစ်ပြီး ပွဲပေါင်း ၁၄၁ ပွဲအထိ ပါဝင်ကစားထားခဲ့တာမှာ ၇၂ ဂိုး သွင်းယူထားတာပါ။ 

အသက် ၂၈ နှစ်အရွယ်ရှိ အိုင်ဗန်တိုနေးဟာ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)ရဲ့ လောင်းကစားစည်းမျဉ်းကို ချိုးဖောက်ခဲ့တာကြောင့် ၈ လကြာ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရပြီး ဇန်နဝါရီလကမှ ဘရန်ဖို့ဒ်အသင်းအတွက် ပြန်လည် ပါဝင်ကစားနိုင်ခဲ့ပါတယ်။ 

အိုင်ဗန်တိုနေးဟာ အင်္ဂလန်အသင်းအတွက် ၆ ပွဲ ပါဝင်ကစားထားပြီး ၁ ဂိုး သွင်းယူထားကာ ယူရို ၂၀၂၄ ပြိုင်ပွဲဝင် အသင်းမှာပါဝင်ခဲ့တာ ဖြစ်ပါတယ်။  

Source: BBC