CNI Sport News

၂၀၂၄ ခုနှစ်၊ သြဂုတ် ၁၉

ချယ်လ်ဆီးအသင်း ကွင်းလယ်လူဟောင်း မီခေးလ်က မန်စီးတီးအသင်းနဲ့ပွဲစဉ်က တိုက်စစ်မှူး ဂျက်ဆန်ရဲ့ စွမ်းဆောင်ရည်ကို ဝေဖန်ခဲ့ပြီး ထိပ်တန်းတိုက်စစ်မှူး တစ်ဦးခေါ်ယူဖို့ အသင်းကို ပြောလိုက်ပါတယ်။ 

မီခေးလ်က “ကျနော်တို့ အခွင့်အရေးတွေ ဖန်တီးခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။ ဂျက်ဆန် ဘယ်လိုအဆုံးသတ်ခဲ့ လဲဆိုတာက ဥပမာပါပဲ။ ဘောလုံးကို ဂိုးပိုက်ထဲဝင်အောင် ဘယ်လိုကန်သွင်း ရမလဲဆိုတာသိတဲ့ တိုက်စစ်မှူး တစ်ဦး လိုအပ်ပြီး ကျနော်တို့မှာ ဒီအရာမရှိပါဘူး။ ချယ်လ်ဆီးအသင်းအတွက် ဂိုးရအောင်သွင်းယူနိုင်တဲ့ ထိပ်တန်း တိုက်စစ်မှူး လိုအပ်တယ်လို့ ထင်ပါတယ်။ ဟာလန်းဆို မန်စီးတီးအတွက် ၉၁ ဂိုး သွင်းယူထားနိုင်ပါတယ်။ ဒါက မယုံနိုင်စရာပါပဲ”လို့ ပြောခဲ့တာပါ။

မန်စီးတီးအသင်းကို အရေးနိမ့်တဲ့ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းဟာ ဂိုးရနိုင်မယ့် အခွင့်အရေးအချို့ ရခဲ့ပေမယ့် ဂျက်ဆန်ဟာ လွဲချော်နေခဲ့ပြီး သူသွင်းယူခဲ့တဲ့ဂိုးကလည်း လူကျွံဘောအဖြစ် သတ်မှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ 

ဂျက်ဆန်ဟာ ပြီးခဲ့တဲ့ရာသီကလည်း သူ့ရဲ့စွမ်းဆောင်ရည်ကြောင့် ဝေဖန်မှုခံခဲ့ရပြီး အခုအချိန်မှာလည်း မီခေးလ်ရဲ့ ဝေဖန်မှုကိုပါ ခံခဲ့ရတာပါ။ 

အိုဆင်ဟမ်နဲ့ ဂျာအိုဖီးလစ်ကို တွေ့ရစဉ်

မန်စီးတီးအသင်း နောက်ခံလူဟောင်း မီကာရစ်ချတ်ကလည်း ဂျက်ဆန်အနေနဲ့ ထိပ်တန်းတိုက်စစ်မှူး ဖြစ်ချင်ရင် ပိုပြီးကောင်းမွန်အောင် လုပ်ဖို့ ပြောခဲ့ပါတယ်။ 

ချယ်လ်ဆီးအသင်းဟာ ဒီအပြောင်းအရွှေ့မှာ နာပိုလီအသင်း တိုက်စစ်မှူး အိုဆင်ဟမ်နဲ့ အသလက်တီကို တိုက်စစ်မှူး ဂျာအိုဖီးလစ်တို့ ၂ ဦးထဲက တစ်ဦးကို ခေါ်ယူနိုင်ဖို့ ကြိုးစားနေတယ်လို့ သတင်းထွက်နေတာပါ။ 

မီခေးလ်ဟာ သူ့ရဲ့နိုင်ဂျီးရီးယား တစ်နိုင်ငံတည်းသာ အိုဆင်ဟမ်ကို ချယ်လ်ဆီးအသင်းထံ ပြောင်းလာနိုင်အောင် ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ 

နာပိုလီအသင်းဟာ အပြောင်းအရွှေ့ သတင်းတွေ ထွက်နေတဲ့ အိုဆင်ဟမ်ကို ပြီးခဲ့တဲ့  စီးရီးအေပွဲစဉ်မှာ လူစာရင်း ထဲ ထည့်သွင်းခဲ့ခြင်း မရှိတာပါ။ 

ဂျက်ဆန်ဟာ ၂၀၂၃ ခုနှစ်က ဗီလာရီးရယ်လ်အသင်းကနေ ချယ်လ်ဆီးအသင်းကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းအတွက် ၄၅ ပွဲ ပါဝင်ကစားထားတာမှာ ၁၇ ဂိုးသွင်းယူထားတာ ဖြစ်ပါတယ်။ 

Source: Metro