CNI Sport News

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈

ဘိုင်ယန်မြူးနစ်အသင်းဟာ နီကိုလက်စ် ဂျက်ဆန်ရဲ့ အငှားစာချုပ်ထဲမှာ ပါဝင်တဲ့ အပြီးသတ် ဝယ်ယူမှု ပြုလုပ်ဖို့ ကို ငြင်းဆန်ခဲ့တာကြောင့် သူဟာ နွေရာသီမှာ ချယ်လ်ဆီးအသင်းထံ ပြန်လာရမယ်လို့ The Times က ဖော်ပြထား ပါတယ်။ 

နီကိုလက်စ်ဂျက်ဆန်ဟာ ဘိုင်ယန်မြူးနစ်အသင်းက အပြီးသတ် ဝယ်ယူဖို့အတွက် လိုအပ်တဲ့ပွဲ အရေအတွက်ကို ရောက်မှာ မဟုတ်တာကြောင့် ချယ်လ်ဆီးအသင်းထံ ပြန်လာရမှာပါ။ 

ဒါ့ပြင် ဘိုင်ယန်မြူးနစ်အသင်းဟာ နီကိုလက်စ်ဂျက်ဆန်ကို အငှားစာချုပ်နဲ့ မသက်ဆိုင်တဲ့ သီးခြား အပြီးသတ် ဝယ်ယူဖို့လည်း ဖြစ်နိုင်ဖွယ် မရှိပါဘူး။ 

အသက် ၂၄ နှစ်အရွယ်ရှိ နီကိုလက်စ်ဂျက်ဆန်ဟာ ဘိုင်ယန်မြူးနစ်အသင်းက အပြီးသတ် ခေါ်ယူဖို့အတွက်ဆိုရင် ပွဲပေါင်း ၄၀ ပါဝင်ကစားဖို့ လိုအပ်ပြီး ဒီပွဲတွေမှာ အနည်းဆုံး ၄၅ မိနစ် ကစားခွင့်ရဖို့ လိုအပ်ပါတယ်။

နီကိုလက်စ် ဂျက်ဆန်ဟာ လက်ရှိအချိန်ထိ ဘိုင်ယန်မြူးနစ်အသင်းအတွက် ၂၂ ပွဲသာ ကစားထားပြီး ၅ ဂိုး သွင်းယူ ထားတာပါ။ 

ဂျက်ဆန်ကို တွေ့ရစဉ်

နီကိုလက်စ်ဂျက်ဆန်ဟာ ပြီးခဲ့တဲ့ အာဖရိကဖလားပြိုင်ပွဲမှာ ဆီနီဂေါအသင်းအတွက် ပါဝင်ကစားခဲ့ရတာကလည်း ဘိုင်ယန်မြူးနစ်အသင်းမှာ ပါဝင်ကစားမယ့် ပွဲအရေအတွက်ကို လျော့နည်းသွားစေခဲ့တာ ဖြစ်ပါတယ်။ 

ဘိုင်ယန်မြူးနစ်အသင်းဟာ ဂျက်ဆန်အတွက် ချယ်လ်ဆီးအသင်းကို အငှားခေါ်ယူကြေး ပေါင် ၁၄ သန်း ပေးခဲ့ရပြီး သတ်မှတ်ထားတဲ့ မိနစ်အရေအတွက် ပစ်မှတ်ကို ပြည့်မီရင် ပေါင် ၅၆ သန်း ထပ်ပေးရမှာ ဖြစ်ပေမယ့် ဒါကဖြစ်ဖို့ မရှိတော့ပါဘူး။ 

နီကိုလက်စ်ဂျက်ဆန်ဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ နောက်ဆုံး ဘွန်ဒက်လီဂါ ၄ ပွဲမှာ ၃၇ မိနစ်သာ ကစားခွင့် ရခဲ့ပြီး အသင်းအတွက် နောက်ဆုံးသွင်းဂိုးကို နိုဝင်ဘာလမှာ သွင်းယူထားပါတယ်။ 

စပိန်နဲ့အီတလီ ကလပ်တွေရဲ့ အပြောင်းအရွှေ့ စာရင်းထဲမှာ ပါဝင်နေတဲ့ နီကိုလက်စ်ဂျက်ဆန်ဟာ နည်းပြဟောင်း မာရက်စ်ကာရဲ့ နေရာမှာ အစားထိုး ဝင်ရောက်ခဲ့တဲ့ နည်းပြရိုစီနီယာကြောင့် ချယ်လ်ဆီးအသင်းမှာ ပါဝင်ကစား ခွင့်ရဖို့ မျှော်လင့်ချက်ရှိနေပါတယ်။ 

Source: Goal