CNI Sport News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈
ဒတ်ချ်ကလပ် ဖီယင်နုအသင်းဟာ ကစားသမားသစ် စတာလင် သူ့ရဲ့ အသင်းဖော်သစ်တွေနဲ့ လေ့ကျင့်မှု ပြုလုပ်နိုင်ဖို့အတွက် ရော့တာဒမ်ရှိ သူတို့ရဲ့ အိမ်ကွင်းအစား ဘယ်လ်ဂျီယံမှာ လေ့ကျင့်မှု ပြုလုပ်ခဲ့ပါတယ်။
အင်္ဂလန် ကစားသမားဟောင်း စတာလင်ဟာ ချယ်လ်ဆီးအသင်းကနေ ထွက်ခွာပြီးနောက် ပြီးခဲ့တဲ့အပတ်မှာ ဖီယင်နုအသင်းထံ ရာသီကုန်အထိ စာချုပ်ချုပ်ကာ ပြောင်းရွှေ့ခဲ့ပါတယ်။
ဒါပေမယ့် စတာလင်ဟာ အလုပ်လုပ်ခွင့် ပါမစ် မရသေးတာကြောင့် နယ်သာလန်မှာ လေ့ကျင့်မှု ပြုလုပ်နိုင်မှာ မဟုတ်သလို ကစားခွင့်လည်း ရမှာမဟုတ်သေးပါဘူး။
ဒီအချိန်မှာ ဖီယင်နုအသင်းနည်းပြ ဗန်ပါစီက စတာလင်ကို အသင်းနဲ့အတူ အမြန်ဆုံး လေ့ကျင့်မှု ပြုလုပ်နိုင်အောင် အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်ကို ရော့တာဒမ်ကနေ ၁၃၇ ကီလိုမီတာ အကွာအဝေးရှိတဲ့ တူဘိုက်ဇ်ထံ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

စတာလင်ကို တွေ့ရစဉ်
ဖီယင်နုအသင်းဟာ တနင်္ဂနွေနေ့မှာ ကစားမယ့် တဲလ်စတားအသင်းနဲ့ အိမ်ကွင်းပွဲစဉ် မတိုင်မီ စတာလင်ရဲ့ အလုပ် လုပ်ခွင့် ပါမစ်ရနိုင်ဖို့ မျှော်လင့်နေပါတယ်။
မန်စီးတီး၊ အာဆင်နယ်နဲ့ လီဗာပူးလ်အသင်းတွေမှာ ကစားခဲ့တဲ့ စတာလင်ဟာ ဖီယင်နုအသင်းထံ မပြောင်းရွှေ့ မီမှာ ရွေးချယ်စရာ အများအပြားရှိခဲ့ပြီး အင်္ဂလန်နဲ့ဥရောပ ကလပ်ပေါင်း ၁၈ သင်းက သူ့ကို စိတ်ဝင်စားခဲ့ ကြတယ်လို့ BBC Sport က ဖော်ပြခဲ့ပါတယ်။
ဖီယင်နုအသင်းဟာ ဒီရာသီ ဒတ်ချ် အမှတ်ပေးလိဂ်မှာ ထိပ်ဆုံးနေရာက PSV အသင်းနဲ့ ၁၄ မှတ် အကွာအဆင့် ၂ နေရာမှာ ရပ်တည်နေတာပါ။
စတာလင်ဟာ အင်္ဂလန်အသင်းအတွက် ၈၂ ပွဲ ကစားထားပြီး ဂိုး ၂၀ သွင်းယူထားပေမယ့် ၂၀၂၂ ခုနှစ်ကတည်းက နိုင်ငံအသင်းအတွက် ပါဝင်ကစားရခြင်း မရှိသေးတာ ဖြစ်ပါတယ်။
Source: BBC
