CNI Sport News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉
အာဆင်နယ်အသင်းဟာ ဝုလ်ဗ်စ်အသင်းနဲ့ပွဲမှာ ဦးဆောင်ဂိုး ၂ ဂိုး ရခဲ့ပေမယ့် ချေပဂိုးတွေ ပြန်ပေးရကာ ၂ ဂိုးစီ သရေကျခဲ့ပြီးနောက် နည်းပြအာတီတာက ဒီရလဒ်အတွက် မိမိကိုယ်ကို အပြစ်တင် ရမှာဖြစ်သလို ဝေဖန်မှုတိုင်း ကိုလည်း လက်ခံရမယ်လို့ ပြောခဲ့ပါတယ်။
အာတီတာက “ဒီပွဲမှာ ကျနော်တို့ အမှားလုပ်မိခဲ့တာက အလွန်ရိုးရှင်းပြီး အခြေခံကျတဲ့ အရာတွေပါ။ ကျနော်တို့ ဟာ လိုအပ်တဲ့အဆင့်မှာ မကစားနိုင်တဲ့အတွက် ဘယ်လိုမေးခွန်း၊ ဝေဖန်မှုနဲ့ ထင်မြင်မှုတွေကို လက်ခံရမှာပါ။ ကျနော်တို့ဟာ လုပ်ရမယ့်အရာကို မလုပ်နိုင်ခဲ့တာကြောင့် ဘယ်သူ ဘာပြောပြော မှန်ကန်နိုင်ပါတယ်။ ဒုတိယပိုင်း စွမ်းဆောင်ရည်က ဒီလိဂ်မှာ အနိုင်ရဖို့ လိုအပ်တဲ့ စံနှုန်းတွေနဲ့ နီးစပ်မှုကို မပြသနိုင်ခဲ့ပါဘူး။ ရလဒ်နဲ့ ပွဲပြီးဆုံးတဲ့ အပေါ် အလွန်စိတ်ပျက်ပေမယ့် ကိုယ့်ကိုယ်ကို အပြစ်တင်ရမယ်”လို့ ပြောခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ဒီပွဲမှာ ဆာကာ၊ ဟင်ကာပီတို့ရဲ့ သွင်းဂိုးတွေနဲ့ ဦးဆောင် နိုင်ခဲ့ပေမယ့် မိနစ် ၉၀ ပြည့်ပြီး ထပ်ဆောင်း အချိန်ပိုမှာ ပေးခဲ့ရတဲ့ သွင်းဂိုး အပါအဝင် ချေပဂိုး ၂ ဂိုးခွင့်ပြုခဲ့ရပြီး ဝုလ်ဗ်စ်အသင်းနဲ့ ရမှတ်ခွဲယူခဲ့ ရပါတယ်။

အာဆင်နယ်အသင်း ယှဉ်ပြိုင်နေစဉ်
နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၇ ပွဲမှာ ၂ ပွဲသာ အနိုင်ရခဲ့တဲ့ အာဆင်နယ်အသင်းဟာ ဒီပွဲရလဒ်ကြောင့် အဆင့် ၂ နေရာက မန်စီးတီးအသင်းကို ၁ ပွဲ ပိုကစားပြီး ရမှတ် ၅ မှတ်သာ ဖြတ်ထားနိုင်တော့တာပါ။
အာဆင်နယ်အသင်း တောင်ပံကစားသမား ဆာကာက အလွန်စိတ်ပျက်ပြီး ပြောစရာ ဘာမှမရှိသလို သူတို့ရဲ့ စံနှုန်းတွေ ကြီးကြီးမားမား ကျဆင်းသွားခဲ့တာကြောင့် အပြစ်ပေး ခံခဲ့ရတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။
ဒါ့ပြင် ဆာကာက ရမှတ်တွေ ဆုံးရှုံးခဲ့ရတဲ့ အရာတွေကို ပြင်ဆင်ပြီး လာမယ့်ပွဲတွေမှာ ရလဒ်ကောင်းတွေ ရယူဖို့က အခုအချိန်မှာ သူတို့ရဲ့အာရုံစိုက်မှုလို့ ပြောခဲ့ပါတယ်။
ဝုလ်ဗ်စ်အသင်းနည်းပြ အက်ဒ်ဝါ့တ်က အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၂ ပွဲဆက် သရေကျပြီး ဒီပွဲမှာ မမျှော်လင့်ထားတဲ့ ရမှတ်ရယူနိုင်ဖို့ ယုံကြည်မှု ပြသခဲ့တဲ့အပေါ် ဂုဏ်ယူမိတယ်လို့ ပြောခဲ့တာပါ။
အာဆင်နယ်အသင်းဟာ လာမယ့် ပရီးမီးယားလိဂ်ပွဲအဖြစ် စပါးအသင်းနဲ့ မြောက်လန်ဒန် ဒါဘီ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
