CNI Sport News
၂၀၂၅ ခုနှစ်၊ ဧပြီ ၁
တံကောက်ကြောဒဏ်ရာကြောင့် ပွဲကစားနိုင်ဖို့ ကာလရှည်ကြာ စောင့်ဆိုင်းနေရတဲ့ ဆာကာဟာ အာဆင်နယ် အသင်းအတွက် ပါဝင်ဖို့အဆင်သင့် ဖြစ်နေပြီလို့ နည်းပြအာတီတာက ပြောခဲ့ပါတယ်။
အာတီတာက “ဆာကာအတွက် သတိထားစရာတွေ အားလုံးပြီးသွားပြီဖြစ်လို့ သူ့ကိုမြက်ခင်းပြင်ပေါ်မှာ အသုံးပြု ရမယ့် အချိန်ရောက်ပါပြီ။ သူကလည်း ပါဝင်ကစားချင်နေတာကြောင့် တွန်းအားပေးနေပါတယ်။ ဆာကာဟာ ကျနော်တို့မှာရှိနေတဲ့ ကြီးမားတဲ့ လက်နက်တစ်ခုပါ။ အသင်းအပေါ်သူ့ရဲ့ သက်ရောက်မှုတွေ၊ သူ့ရဲ့အခန်းကဏ္ဍနဲ့ ပံ့ပိုးပေးမှုတွေက ဘယ်လောက်အထိ အရေးပါလဲဆိုတာ ကျနော်တို့သိပါတယ်”လို့ ပြောခဲ့တာပါ။
ဒီရာသီမှာ အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ ၂၄ ပွဲ ပါဝင်ကစားထားပြီး ဂိုးပါဝင်ပတ်သက်မှု ၂၃ ဂိုး ပြုလုပ် ထားတဲ့ ဆာကာဟာ တံကောက်ကြော ဒဏ်ရာကြောင့် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာကတည်းက အနားယူနေခဲ့ရတာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အမှတ်ပေးဇယား အဆင့် ၁ နေရာက လီဗာပူးလ်အသင်းနဲ့ ၁၂ မှတ် အကွာအဆင့် ၂ နေရာမှာ ရပ်တည်နေတာပါ။
ဆာကာကို တွေ့ရစဉ်
ဒါပေမယ့် အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်ကို ရောက်ရှိနေပြီး လက်ရှိချန်ပီယံ ရီးရယ်လ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
အဲဒါကြောင့် ဆာကာအသင်းအတွက် ပြန်ပါဝင်နိုင်မှာက ရာသီရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းအတွက် အားကောင်းမှုကို ဖြစ်စေတယ်လို့ နည်းပြအာတီတာက ပြောခဲ့ပါတယ်။
ဆာကာ ပြန်ပါဝင်နိုင်မှာ ဖြစ်ပေမယ့် ပြီးခဲ့တဲ့ နိုင်ငံတကာပွဲစဉ်မှာ အီတလီအသင်းအတွက် ပါဝင်ကစားရင်း ဒဏ်ရာရရှိခဲ့တဲ့ နောက်ခံလူ ကာလာဖီအိုရီဟာ ရက်သတ္တပတ် အနည်းငယ်ကြာ အနားယူရဦးမှာပါ။
အာဆင်နယ်အသင်းဟာ ဧပြီ ၂ ရက်မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဖူလ်ဟမ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဖူလ်ဟမ်အသင်း အိမ်ကွင်းမှာ ကစားခဲ့တုန်းက ၁ ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။
Source: CNA