CNI Sport News

၂၀၂၅ ခုနှစ်၊ ဧပြီ ၁

မန်စီးတီးအသင်းဟာ ဘုန်းမောက်အသင်းနဲ့ FA ဖလားပွဲစဉ်မှာ ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့တဲ့ တိုက်စစ်မှူး ဟာလန်း ကို ဒီရာသီပွဲတွေမှာ ပြန်ပါဝင်ကစားနိုင်ဖို့နဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်နိုင်စေဖို့ မျှော်လင့်နေပါတယ်။

ဟာလန်းဟာ FA ဖလားကွာတားဖိုင်နယ်ပွဲစဉ်မှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် အကာအကွယ်ပါတဲ့ဖိနပ်ဝတ်ဆင်ပြီး အားကစားကွင်းကနေ ထွက်ခွာခဲ့ရတာပါ။ 

အသက် ၂၄ နှစ်အရွယ်ရှိ ဟာလန်းဟာ ဒဏ်ရာအခြေအနေကို နောက်ထပ်စမ်းသပ်စစ်ဆေးမှုတွေပြုလုပ်ရမှာဖြစ်ပေမယ့် မန်စီးတီးအသင်းကတော့ ဒီရာသီပွဲတွေမှာ သူပါဝင် ကစားနိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။ 

မန်စီးတီးအသင်းဟာ တိုက်စစ်မှူးဟာလန်း ဘယ်ဘက်ခြေချင်းဝတ်မှာ ဒဏ်ရာရရှိခဲ့ကြောင်း အတည်ပြုထားပြီး အထူးကုဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးမှုတွေပြုလုပ်သွားမယ်လို့ သူတို့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားတာပါ။

ဒီရာသီမှာ မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း ၄၀ ပါဝင်ကစားထားပြီး သွင်းဂိုး ၃၀ သွင်းယူထားတဲ့ ဟာလန်းဟာ ဒဏ်ရာကြောင့် လက်စတာ၊ယူနိုက်တက်အသင်းတို့နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို လွဲချော်တော့မှာ ဖြစ်ပါတယ်။ 

မန်စီးတီးအသင်းဟာ ဒဏ်ရာကြောင့် ဟာလန်းမပါဝင်နိုင်တဲ့အချိန်တွေမှာ အိုမာမာမွတ်ရှ်ကို အဓိက တိုက်စစ်မှူးအဖြစ်အသုံးပြုသွားဖို့ရှိနေတာပါ။ 

မန်စီးတီးအသင်းဟာ ဒီရာသီပရီးမီးယားလိဂ်ပွဲစဉ်ကစားဖို့ ၉ ပွဲသာကျန်ရှိတော့တဲ့အချိန်မှာ အမှတ်ပေး ဇယား အဆင့် ၄ နေရာက ချယ်လ်ဆီးအသင်းနဲ့ ၁ မှတ်အကွာ အဆင့် ၅ နေရာမှာရပ်တည်နေတာဖြစ်ပါတယ်။ 

မန်ချက်စတာကလပ်ဟာ ဒီရာသီမှာရယူနိုင်စရာဆုဖလားအဖြစ် FA ဖလားကျန်ရှိနေသေးပြီး ဆီမီးဖိုင်နယ်မှာ နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။

မန်စီးတီးအသင်းဟာ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဝိုင်ဒတ်၊အယ်လ်အိန်း၊ဂျူဗင်တပ်စ်အသင်းတို့နဲ့ တစ်အုပ်စု တည်းကျရောက်နေပြီး အဖွင့်ပွဲစဉ်အဖြစ် ဝိုင်ဒတ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source:ESPN