CNI News

၂၀၂၆ ခုနှစ်၊ ဇူလိုင် ၇

မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်သုံးစွဲနိုင်ရေး ကဏ္ဍများတွင် လာအိုသည် မည်မျှ အရေးပါနေသလဲ ဆိုသည့်အပေါ် နိုင်ငံရေးနှင့်စီးပွားရေး လေ့လာသုံးသပ်သူများအကြား စောင့်ကြည့်လေ့လာနေကြသည်။

မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်သည် လာအိုသမ္မတ မစ္စတာထောင်လွန်း ဆီဆုလစ်၏ ဖိတ်ကြားချက်အရ လာအိုနိုင်ငံသို့ ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၃ ရက်မှ ၅ ရက်အထိ သွားရောက်၍ သမ္မတ၊ ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌ တို့နှင့်  တွေ့ဆုံဆွေးနွေးခဲ့သည်။ 

အဆိုပါ ခရီးစဥ်တွင် ရေအားလျှပ်စစ်နှင့်ပတ်သက်၍ နှစ်နိုင်ငံ မဲခေါင်မြစ်ဝှမ်းတစ်လျှောက် လျှပ်စစ်ဓာတ်အား ၂၇၉၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် ရေအားလျှပ်စစ် စီမံကိန်းတစ်ခု အကောင်အထည် ဖော်ရန်အတွက် သဘော တူညီချက်တစ်ရပ်ကို နှစ်နိုင်ငံအစိုးရများက သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်ဟု သိရသည်။  

လာအိုသမ္မတ ထောင်လွန်း ဆီဆုလစ်နဲ့ မြန်မာသမ္မတ ဦးမင်းအောင်လှိုင် တွေ့ဆုံ ဆွေးနွေးကြစဉ်

မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍ တစ်ခုတည်းအတွက် ကြည့်မည်ဆိုလျှင် လာအိုနိုင်ငံသည် အရေးပါနေသည့် မဟာဗျူဟာကျသော နိုင်ငံတစ်နိုင်ငံဖြစ်နေကြောင်း စီးပွားရေးနှင့်ဘဏ်ရေးရာကျွမ်းကျင်သူ ဦးဋ္ဌေးအောင်ကြည် က CNI သတင်းဌာနသို့ ပြောသည်။ 

၎င်းက “ကျနော် သိသလောက်ကတော့ ကျနော် အဲဒီဒေသမှာ နေဖူးတယ်။ မဲခေါင်မြစ်က လာအိုနဲ့မြန်မာ ထိစပ် နေတဲ့ အပိုင်းက ၁၄၅ မိုင်ကနေ မိုင် ၁၅၀ ကြားလောက်ရှိနေတယ်။ ရေအားလျှပ်စစ် ဆောက်မယ်ဆို ဆောက်လို့ ရတဲ့ အနေအထား မိုင် ၁၀၀ ကျော်ဆို‌တော့ နည်းတဲ့ Border ဆက်စပ်မှု မဟုတ်ဘူးပေါ့။ ရေအားလျှပ်စစ် စက်ရုံ ကြီး ဆောက်ဖိုအတွက်ကို လုံလောက်တယ်ပေါ့။ ကျနော် စဉ်းစားတာက ဒီမြစ်က ယူနန်ကနေ မြစ်ဖျားခံပြီးတော့ တိဘတ်ကနေ မြစ်ဖျားခံပြီးတော့ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်ထိ စီးဆင်းသွားတာကို။ ဆိုတော့ မြေအောက် တိုင်းပြည်တွေ ဘာပြောမလဲ ‌ဒီတစ်ချက်ပဲ။ လျှပ်စစ်အတွက်ဆိုရင် မဟာဗျူဟာ အရေးကြီးတယ်။ လာအိုက လျှပ်စစ်က အောင်မြင်နေတဲ့ တိုင်းပြည်လေ လာအိုလျှပ်စစ်က ဘယ်ထိပို့လဲဆို မလေးရှား၊ စင်္ကာပူ နယ်စပ်ထိပို့တာ။ ဒါနဲ့ပတ်သက်တဲ့ Experience က ကျနော်ရှိသလိုပဲ လာအိုက ကျနော်တို့ထက်တောင် ပိုရှိမယ် ထင်တယ်၊ သူက လျှပ်စစ်ရောင်းစားနေတဲ့ တိုင်းပြည်”ဟု ပြောသည်။

လာအိုနိုင်ငံသည် ထိုင်း၊ မလေးရှား၊ စင်္ကာပူတို့ကို လျှပ်စစ်ဓာတ်အား ရောင်းချပေးလျက်ရှိသည့်အတွက် မြန်မာ သည် လာအိုနှင့်လျှပ်စစ် ဓာတ်အား ပူးပေါင်း ထုတ်လုပ်နိုင်ပါက ကောင်းမွန်ကြောင်း ဦးဋ္ဌေးအောင်ကြည်က ဆက် ပြောသည်။

၎င်းက “ထိုင်းလည်းပါတယ်၊ လာအိုရောင်းစားနေတာ။ မလေးပါတယ်၊ စင်္ကာပူ အစပ်ထိ ရောက်တယ်။ စင်္ကာပူ တောင် လာအိုလျှပ်စစ်ကို ဝယ်ထားတဲ့အဆင့်ရှိတာ။ ဆိုတော့ လျှပ်စစ်က အရေးကြီးတယ်‌ လျှပ်စစ်မရှိရင် ကျန်တာဘာမှ လုပ်လို့မှမရတာ။ ဒါကိုပဲ စဉ်းစားကြည့်ရင် နိုင်ငံရေး အရ မဟာဗျူဟာပေါ့။ ဒါတိုင်းပြည်မှာလည်း လျှပ်စစ်က လိုနေတာ။ လျှပ်စစ်မရှိရင် ကျန်တာမစဉ်းစားနဲ့ မဖြစ်နိုင်ဘူး ဘာမှ။ သူက အခြေခံ တော်တော်ကျ တာပေါ့ လျှပ်စစ်က။ ဒါတစ်ဖက်က ဝမ်းသာပါတယ်။ ဆိုတော့ လုပ်မယ်ဆိုရင် အောက်မဲခေါင်ကို စဉ်းစားရမယ် ဆိုရင် ထိုင်းတို့ ကမ္ဘောဒီးယားတို့ပါ ဆက်ဖြတ်တာကို။ ဗီယက်နမ်ထိ ဖြတ်တာကို ဆိုတော့ မြေအောက် တိုင်းပြည် တွေက ဘယ်လို Comment ပေးမလဲ ဒါတစ်ချက် စောင့်ကြည့်ပြီးတော့ အိုကေတယ်ဆိုရင်တော့ ဝမ်းသာပါတယ်” ဟု ပြောသည်။ 

လာအိုသမ္မတ ထောင်လွန်း ဆီဆုလစ်နဲ့ မြန်မာသမ္မတ ဦးမင်းအောင်လှိုင်ကို တွေ့ရစဉ်

လာအိုနိုင်ငံသည် ၎င်းတို့၏ မြစ်ချောင်းများကို အသုံးပြုကာ အိမ်နီးချင်းနိုင်ငံများအား လျှပ်စစ်ဓာတ်အား ပြန်လည် ရောင်းချပြီး လျှပ်စစ်စွမ်းအင်ကဏ္ဍတွင် အရှေ့တောင်အာရှ၏ အချက်အချာကျသည့် နိုင်ငံဖြစ်နိုင်ရန်အတွက် ကြိုးပမ်းနေကြောင်း စီးပွားရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။ 

တစ်ဖက်တွင်လည်း မဲခေါင်မြစ်ကြောင်း တစ်လျှောက်တွင် ရေကာတာများ တည်ဆောက်ခြင်းအပေါ် ပတ်ဝန်း ကျင် ထိန်းသိမ်း‌ရေး အဖွဲ့အစည်းများနှင့် မြစ်အောက်ပိုင်း နိုင်ငံများဖြစ်ကြသည့် ဗီယက်နမ်နှင့် ကမ္ဘောဒီးယား တို့က စိုးရိမ်လျက်ရှိသည်။ 

လာအို-မြန်မာ နှစ်နိုင်ငံ လက်တွေ့ကျသည့် သဘောတူညီချက်များ အကောင်အထည်ဖော် ဆောင်ရွက်သည်မှာ ကောင်းမွန်သည့် အရွေ့တစ်ခုဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ လျှပ်စစ် စွမ်းအင်ကဏ္ဍအတွက် လာအိုနိုင်ငံသည် တစ်စိတ်တစ်ပိုင်း အရေးပါလာနိုင်ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။ 

၎င်းက “သူကလည်း အခုနောက်ပိုင်းမှာ ဘာနဲ့ ထောင်တက်သွားလဲဆိုတော့ လျှပ်စစ်ကို ထုတ်လုပ်ပြီးတော့ တရုတ်ကို ပြန်ပြီးတော့ ပြန်ရောင်းနိုင်တဲ့ စီးပွားရေးမှာ တော်တော်များများ ဝင်ငွေရလာတယ်ပေါ့ အဲဒါတော့ရှိ တယ်။ ဒါကြောင့်မို့လို့ အခုတစ်ခါ ဘာတွေ ထူးခြားလာလဲဆို မဲခေါင်မြစ်ကို လာအိုနဲ့မြန်မာ ပေါင်းစပ်ပြီးတော့ လျှပ်စစ်ထုတ်ဖို့ မဂ္ဂါဝပ် ၂၉၀၀ စာချုပ်ချုပ်ပြီးတော့ ခြောက်လအတွင်းမှာတော့ ပြီးအောင်လုပ်မယ်။ ပြီးရင်တော့ Final က‌တော့ ဘယ်သူနဲ့ လုပ်ဖြစ်မလဲမသိဘူး၊ အဲဒါတော့ တွေ့မြင်မိပါတယ်။ စီးပွားရေး အခွင့်အလမ်းကတော့ အဲဒီ တစ်ခုတွေ့တယ်။ အဲဒီလောက်ကြီးတော့လည်း ပြည့်ပြည့်ဝဝကြီး တစ်ခုလုံးအတွက်ကတော့ အားကိုးလို့ရ တာတော့ မရှိပါဘူး။ တစ်စိတ် တစ်ပိုင်းကတော့ ရှိပါလိမ့်မယ်။ ကျနော်တို့ တကယ်လုပ်နိုင်ရင်တော့ ဧရာဝတီ မြစ်ဆုံ အထက်မှာရှိတဲ့ စီမံကိန်းက ၆ ခု၊ ၇ ခုလောက်ရှိတယ်ဗျ။ အဲဒါတွေ အကောင်အထည် ဖော်နိုင်ရင်တော့ မြန်မာပြည်က လျှပ်စစ်က တော်တော်ဖူလုံဖို့ရှိတယ်” ဟု ပြောသည်။ 

အဆိုပါ စီမံကိန်းကို ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင်နှင့် လာအိုနိုင်ငံ၊ လွမ်နမ်သာခရိုင်တို့အကြား မိုင် ၁၅၀ ထိစပ် စီးဆင်းနေသည့် မဲခေါင်မြစ်ကြောင်း တစ်လျှောက်တွင် အကောင်အထည်ဖော်ရန် ရည်ရွယ်ထားသည်။