CNI News
၂၀၂၆ ခုနှစ်၊ မေလ ၄
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရသစ်လက်ထက်တွင် တရုတ်၏အခန်းကဏ္ဍ သည် မြန်မာနိုင်ငံအပေါ် မည်ကဲ့သို့ ပါဝင်လာနိုင်ခြေ ရှိသလဲဆိုသည့်အပေါ် နိုင်ငံရေးလေ့လာသုံးသပ်သူ များနှင့် စီးပွားရေးလေ့လာသုံးသပ်သူများအကြား သုံးသပ်မှုများ ရှိနေကြသည်။
တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးသည် (၇၅)နှစ်မြောက် ရှိပြီးဖြစ်ကြောင်း၊ တရုတ်၏ မြန်မာနိုင်ငံ အပေါ် သဘောထားကို သမ္မတဦးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရက လက်ခံကြိုဆိုထားသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း ဖြစ်ပေါ်ပြောင်းလဲသွားသည့် မြန်မာနိုင်ငံ နိုင်ငံရေး၊ စစ်ရေး အခင်း အကျင်းတွင် တရုတ်နိုင်ငံသည် ထည်ထည်ဝင်ဝင် ပါဝင်ပတ်သက်လာပြီး သြဇာလွှမ်းမိုး လျက်ရှိနေသည်ဟု စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက ထောက်ပြကြသည်။
တရုတ်အစိုးရ အနေဖြင့် လာမည့် ငါးနှစ်အတွင်းတွင် မြန်မာနိုင်ငံအတွင်း တရုတ်၏ စီမံကိန်းများ ဖြစ် သည့် ပိုးလမ်းမစီမံကိန်းနှင့် ကျောက်ဖြူရေနက်စီမံကိန်းကို အပြီးသတ် လုပ်သွားမည့် အလားအလာ ရှိနိုင်သည်ဟု တရုတ်-မြန်မာအရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။

သမ္မတ ဦးမင်းအောင်လှိုင် တရုတ်ကို ရောက်ရှိစဉ်
၎င်းက “သူ့နိုင်ငံရဲ့ နောက် ငါးနှစ်အတွင်းလုပ်မယ့် စီးပွားရေးထဲမှာ ဦးစားပေးက ယူနန်နဲ့ ကွေ့ကျိုးဆိုတာပါ တယ်။ ယူနန်နဲ့ ကွေ့ကျိုးက တခြားပြည်နယ်တွေရဲ့ ဖွံ့ဖြိုးမှု နောက်ကျတဲ့အတွက် ယူနန်နဲ့ ကွေ့ကျိုးကို အထူး ဦးစားပေးမယ်ပေါ့ဗျာ။ ယူနန်နဲ့ ကွေ့ကျိုးရဲ့ ထူးခြားချက်က သူတို့ ပြည်နယ်နှစ်ခုလုံး က ကုန်းပိတ်ဗျ။ သူတို့မှာ ပင်လယ်ထွက်ပေါက် မရှိဘူး။ သူတို့ရဲ့ တစ်ခုတည်းသော ပင်လယ် ထွက် ပေါက်က ဗမာပြည်ကြီးကို ဖောက်ပြီး ထွက်မယ့် ကျောက်ဖြူရေနက်ဆိပ်ကမ်း အိန္ဒိယသမုဒ္ဒရာ ဖောက် မှာ။ အဲ့ဒါ သိပ်အရေးကြီးတယ်။ အဲဒါပေါက် မှသာ ကွေ့ကျိုးတို့ ယူနန်တို့ရဲ့ စီးပွားရေးက တက်နိုင်တယ်။ ဒါကြောင့်မို့လို့ တရုတ်က သူ့ရဲ့ ပိုးလမ်းမစီမံကိန်းမှာ ဗမာပြည်က တော်တော် နောက်ကျနေတာ။ အာဆီယံ တခြားနိုင်ငံတွေစာရင်း ဥပမာ-လာအိုတို့၊ ထိုင်းတို့၊ ဗီယက်နမ်တို့ တော်တော်ပေါက်နေပြီ။ ဗမာပြည်ပဲဒီဟာက အခုထိ မပေါက်သေးဘူးဖြစ်နေတာ။ အဲဒီတော့ အဲဒီ ဟာအတွက် တော်တော် ကြိုးပမ်း လာကြမယ်ထင်တယ်။ အဲဒီတော့ အဲဒီလမ်းတစ်လျှောက်မှာရှိတဲ့ ဒေသတွေရဲ့ တည်ငြိမ်ရေး အေးချမ်းရေးအတွက် သူတို့ စကားပြောလာလိမ့်မယ် ထင်တယ်။ ရှင်းရှင်းပြောရရင် ရှေ့လျှောက် ပိုပြီးတော့ ထဲထဲဝင်ဝင် ပိုပါဝင်လာမှာပေါ့။ ဗမာပြည်မှာ အဓိက ဗျူဟာက ကျောက်ဖြူ ရေနက်ဆိပ်ကမ်းကို ဖောက်တဲ့လမ်းပေါ့နော်။ ကူမင်းကနေ မန္တလေးကို ဖြတ်ပြီးတော့ ကျောက်ဖြူထိ ရောက်တဲ့ မီးရထားလမ်း၊ ကား လမ်း ဖောက်ရေးဟာ အဓိကပဲ။ အဲဒီဟာ ဖြစ်မြောက်ရေးအတွက် ကျန်တဲ့စီမံကိန်းတွေ တဖြေးဖြေး တိုးလာနေ မှာပဲ။ အဲဒီတော့ ဗမာပြည်မှာ အခုတောင်မှ အပစ်ခတ်ရပ်စဲရေး ဘာတွေညာတွေ လုပ်နေတာ။ အဲဒီဘက် ပိုရောက် လိမ့်မယ်ထင်တယ် ကြည့်ရတာ။ သူတို့ စဉ်းစားနည်းပေါ့နော်။ တရုတ်ရဲ့ စဉ်းစားနည်းတွေက ဒီလိုဗျ။ ပြည်သူ ပြည်သားတွေနဲ့ စီးပွားရေး တောင့်တင်းလာပြီး ခိုင်မာလာရင် တိုး တက်လာရင် ဘယ်သူကမှ လက်နက်ကိုင် တော်လှန်မှာ မဟုတ်ဘူး။ ပြည်သူပြည်သားတွေရဲ့ ဖွံ့ဖြိုး တိုးတက်ရေးကို အဓိကထားပြီး လုပ်ပေးရင်ရမယ်လို့ သူကတွက်တယ်။ အဲဒီတော့ ဒီလမ်းကြီးဖောက် လိုက်ရင် လမ်းတစ်လျှောက်မှာ အလုပ်အကိုင်တွေ ပေါများလာ မယ်။ ပြည်သူလူထုအတွက် သက်သာ ချောင်ချိလာမယ်။ အဲဒါဆိုရင် လက်နက်ကိုင်တိုက်တဲ့သူတွေ နည်းသွား မယ်လို့ တွက်တယ်နဲ့တူပါတယ်။ ဒါကြောင့်မို့လို့ ဒီဘက်ကို သူက အားပေးနေတာပဲ။ ဒီငါးနှစ် စီမံကိန်းအတွင်း ဆိုတော့ ၂၀၂၆ ကနေ ၂၀၃၀ ဒီငါးနှစ်အတွင်းမှာ ပြီးအောင်လုပ်မယ့် အလားအလာရှိသလိုပဲဗျ” ဟု ပြောသည်။
ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းသည် တရုတ်နိုင်ငံ၏ ခေတ်သစ်ပိုးလမ်းမ စီမံကိန်းအတွက် မဟာဗျူဟာ ကျကျ အရေးပါသည့်အပြင် မြန်မာနိုင်ငံအတွက်လည်း အိန္ဒိယသမုဒ္ဒရာသို့ ထွက်ပေါက်တစ်ခု ဖြစ်လာစေရန် ရည်မှန်းထားသည့် စီမံကိန်းတစ်ခု ဖြစ်သည်။
ထို့အပြင် တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ချောမွေ့စေရန်အတွက် မူဆယ်-မန္တလေး ကုန်သွယ်ရေး လမ်း၊ ရထားလမ်း၊ ရွှေလီ-မန္တလေး-ကျောက်ဖြူ အမြန်လမ်း စသည့် စီမံကိန်းများလည်း ရှိသည်။
သို့သော် အဆိုပါ စီမံကိန်းများသည် ဒေသတွင်း မတည်ငြိမ်မှု၊ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခ ကိစ္စရပ်များ ကြောင့် စိန်ခေါ်မှုအချို့နှင့် ရင်ဆိုင်နေရသည်။
တရုတ်၏ တိုင်းရင်းသား လက်နက်ကိုင်များအပေါ် သြဇာလွှမ်းမိုးမှုမှတဆင့် ကုန်သွယ်ရေး လမ်းကြောင်း တစ်လျှောက်ရှိ ဒေသတည်ငြိမ်ရေးအတွက် ပိုမို ကြိုးစားလာနိုင်ကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံကြားထဲတွင် ပါးပါးနပ်နပ် လုပ်ကိုင်ဆောင်ရွက်ရန် လိုအပ်သည်ဟု စီးပွားရေးလေ့လာ သုံးသပ်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။

သမ္မတ ဦးမင်းအောင်လှိုင်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကို တွေ့ရစဉ်
၎င်းက “နံပါတ် တစ်အချက်က သူက ရှမ်းအရှေ့မြောက်က အုပ်စုအားလုံးကို သူက ဩဇာညောင်းတယ် ဒါတည့် တည့်ပြောရရင်။ Normal Trade ထက်စာရင် Border Trade က အများကြီးပဲလေ။ စီးပွားရေးဘက် လှည့်ပြော မယ်ဆိုရင်။ ဆိုတော့ ရှမ်းအရှေ့မြောက်မှာ သူလွှမ်းမိုးထားတယ်ဆိုတဲ့ ကိစ္စမှာ ယူနန်နဲ့ ကျနော်တို့နဲ့ (Trade) ကုန်သွယ်ရေးအတွက်က တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ဒီလမ်းကြောင်း တစ်လျှောက်မှာ အရင်လို ပြန်ဖြစ် ဖို့က လုပ်မှရမှာကို ဒါတစ်ချက်။ နောက်တစ်ချက်ကကျတော့ ရှမ်းအရှေ့မြောက်ကနေ အနောက်ဘက်ကို ဆက် ပြောလို့ရှိရင်လည်း တရုတ်ရဲ့ မဟာဗျုဟာ ကျောက်ဖြူအတွက်ကလည်း သူက အရေးကြီးတာကို။ ယေဘုယျ အားဖြင့်တော့ တရုတ်ကတော့ ဩဇာလွှမ်းမိုးတာပေါ့။ နှစ်မျိုးပြောရမှာပေါ့။ အခြေခံ Frame အားဖြင့်ကတော့ တရုတ်က တော်တော်လေး အခြေအနေ တောင့်နေပြီလေ။ ဒီအခြေခံ Frame ပေါ်မှာပဲ နောက် Frame တစ်ခုက ဘာလဲဆိုတော့ အဓိကပြောရင် အမေရိကန်ပေါ့။ အမေရိကန်အနေနဲ့ ကျတော့လည်း တရုတ်က သူ့မဟာဗျူဟာ အရ တရုတ်က မလိုလားဘူးဆိုတာ ရှင်းပါတယ်။ အဲဒီလို အခြေအနေမျိုးမှာ ကိုယ် ဘယ်လို ပါးပါးနပ်နပ် လုပ်မ လဲ။ အဲဒါအရေးကြီးတာပေါ့။ ဒီလို အခြေအနေ အချိန်အခါမျိုးကလည်း နောက်ရချင်မှ ရမှာလေ။ ဒါကျနော် ဖြစ်စေ ချင်တာပေါ့။ ကျနော် ပြောချင်တာ ဒီလိုပါ ဘက်မလိုက်တဲ့ မူဝါဒဆိုလို့ ဒါကြီးက ပုံသေကြီးထိုင်ပြီးတော့ စဉ်းစား နေလို့ မရဘူး။ ဘက်မလိုက်ဘူးမှန်တယ်။ အခြေခံ Frame က ဒီအပေါ်မှာသွားရမှာ။ Dynamic ဖြစ်စေချင်တာပေါ့ ပုံရှင်ဖြစ်စေချင်တာ။ ပုံသေ မသွားစေချင်တာပေါ့။ ကျနော်တို့ ပြဿနာက ဘာလဲဆိုတော့ တစ်ခုခုစဉ်းစားလိုက် ရင် ဒါကြီးက ပုံသေကြီး Statics ကြီးဖြစ်သွားရော။ အဲဒီအတိုင်းကြီးပဲ လိုက်ကျင့်သုံးတာ။ နောက်တစ်ခုက ကျနော်တို့ သမိုင်းတစ်လျှောက်လုံးကြည့်ရင် IR (International Relation) နဲ့ Ideology နဲ့လည်း ကွဲပြားဖို့ လိုဝာာ ပေါ့။ အဓိက,က ဗီယက်နမ် ဘယ်လိုနေလဲ ဒါပဲပေါ့။ တစ်ခုတော့ ရှိတာပေါ့။ ဗီယက်နမ်နဲ့ ကျနော်တို့နဲ့ အခြေအနေ ချင်း မတူဘူး။ ကျနော်တို့က ခြေလှမ်းတော့ နည်းနည်း နောက်ကျနေတာပေါ့ အဲဒီ သဘောရှိတာပေါ့။ နောက် တစ်ခုက ဗီယက်နမ်မှာက တိုင်းရင်းသားလက်နက်ကိုင် ပြဿနာမရှိဘူးပေါ့။ အဲဒီတော့ တိုင်းရင်းသား လက်နက် ကိုင်တွေ အကုန်လုံးကို တည့်တည့်ပြောရရင် တရုတ်က လွှမ်းမိုးထားတယ်ဆိုတဲ့ အခါကျတော့ ဒါက တော်တော် တော့ ခက်တာပေါ့ဗျာ။ တရုတ်ကတော့ သံသယမဖြစ်နဲ့ ပြတ်သွားမှာပဲ။ ကိုယ့်ကို ဘယ်လောက်အထိ လွှမ်းမိုး သွားမလဲ ဒါပဲ ကိုယ်က ချိန်ဆရမှာ။ အဲဒီတော့ မလွှမ်းမိုးအောင် ဘာလုပ်မလဲ။ ဘယ်လိုပေါင်းမလဲ ဒါကို စဉ်းစား ရတော့မှာပေါ့။ အဲဒီလို မစဉ်းစားရင် စိုးရိမ်စရာ ပိုကောင်းတာပေါ့နော်” ဟု ပြောသည်။
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၅ ရက်တွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိတို့ နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေလုံခြုံရေး၊ တည်တံ့ခိုင်မြဲရေးကို စွဲစွဲမြဲမြဲ ထောက်ခံ အားပေးလျက်ရှိမှု၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တိုင်းရင်းသား ရင်ကြားစေ့ရေးနှင့် လူ့ဘောင် အဖွဲ့အစည်း သဟဇာတဖြစ်မှုကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် ထောက်ခံ အားပေးလျက်ရှိမှု အခြေအနေများအား ဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စစ်ရေး မငြိမ်မသက် ဖြစ်နေသရွေ့ တရုတ်-မြန်မာ စီးပွားရေးသည် လုပ်ဆောင်၍ မရကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအပေါ် စီးပွားရေး အခွင့်အလမ်း ဆိုသည်ထက် မဟာဗျူဟာ အခွင့်အလမ်းဖက်ကို ပိုနေသည်ဟု စစ်ရေးနှင့်နိုင်ငံရေးလေ့လာသူများက ထောက်ပြကြသည်။
