CNI News

၂၀၂၆ ခုနှစ်၊ မေလ ၄

မြန်မာနိုင်ငံ၏ ပြည်တွင်းရေးသည် အကုန်လုံး တစ်ပြိုင်နက်တည်း အရေးကြီးနေသဖြင့် မည်သည့် အရာကို ဦးစားပေး လုပ်ဆောင်မည်ဟူ၍ ရွေးခွင့်မရှိ ဖြစ်နေကြောင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည)မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဆွေက CNI သတင်းဌာနသို့ ပြောသည်။

မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ်နောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခများ ကြီးမားကျယ်ပြန့်လာမှု၊ လူမှုစီးပွားဘဝ ကျဆင်း လာမှုများအပြင် ဘက်ပေါင်းစုံမှ အခက်အခဲ အကျပ်အတည်းများအား ပြည်သူလူထု အနေဖြင့် ခံစား ကြုံတွေ့နေကြရခြင်း ဖြစ်သည်။

ထို့ကြောင့် ပထမဦးစွာ တည်ငြိမ်အေးချမ်းရေးကို ဦးစားပေးသင့်ကြောင်း တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ (တစည)မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဆွေက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “မြန်မာပြည်ရဲ့ အရေးကိစ္စက ဘယ်အရာ ဦးစားပေးရမယ်လို့ကို ရွေးခွင့်မရှိဘူး ဖြစ်နေတာ။ အကုန်လုံးက တစ်ပြိုင်နက်တည်း အရေးကြီးတာချည်းဖြစ်နေတာ။ အဲဒီတော့ ပထမဆုံးကတော့ တည်ငြိမ်အေးချမ်းရေးကို ဦးစားပေးရမှာပေါ့။ အဲဒါပြီးရင်တော့ ကျနော်တို့ မြန်မာပြည်ရဲ့ အဓိက စီးပွားရေး လုပ်ငန်းဖြစ်နေတဲ့ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းက ထုတ်လုပ်ရေးအဆင့် ရောက်အောင် ကျနော်တို့ အားမြှင့်ရမှာပေါ့။ ဒီလုပ်ငန်းခွင်ထဲမှာ လူဦး ရေ များများရောက်နေပြီး များများ လုပ်ငန်းလုပ်ပြီး လည်ပတ်နေမှပဲ တိုင်းပြည် စီးပွားရေးက အသက်ရှူ ချောင် လာမှာလို့ မြင်တယ်။ ကျနော်တို့က သယံဇာတတစ်ခု ထုတ်လုပ်မှု တစ်ခုတည်း ဦးတည်သွားနေလို့တော့ အဆင် မပြေ နိုင်တော့ဘူး နိုင်ငံရေရှည်က။ လွှတ်တော်ရဲ့ အခန်းကဏ္ဍက ပြည်ထောင်စု သ‌ဘောတူညီချက် ရပြီးသား အချက်အလက်တွေကို အဆိုတင်သွင်းပြီးတော့ အခြေခံဥပဒေထဲမှာ ထည့်သွင်းသွားမယ်၊ ပြင်ဆင်သွားမယ်ဆိုရင် ကျနော်တို့ လွှတ်တော်တွေကတော့ အများစု သဘောတူပြီးတော့ ဆောင်ရွက်ပေးသွားမယ့် အခြေအနေမှာ ရှိပါ တယ်” ဟု ပြောသည်။

ထမင်းနဲ့ဟင်း အလှူလုပ်နေတာမှာ ပြည်သူများကိုတွေ့ရစဉ်

၂၀၂၁ ခုနှစ်နောက်ပိုင်း နိုင်ငံရေး အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့ပြီးနောက် လက်နက်ကိုင် တပ်ဖွဲ့များလည်း ပိုမို ပေါများလာခဲ့ကာ နယ်စပ်ကုန်သွယ်ရေးများ အားလုံးနီးပါး ရပ်တန့်ခဲ့ရသည်။

ထို့ပြင် နိုင်ငံတကာ၏ ဒဏ်ခတ် ပိတ်ဆို့မှုများကိုလည်း ခံစားခဲ့ရသည့်အပြင် ပြည်တွင်း၌ စီးပွားရေး ကစားသူများ ကြောင့် နိုင်ငံခြားငွေကြေးများ မြင့်တက်လာနေကြောင်း၊ ထို့နောက် ကုန်ဈေးနှုန်းများလည်း ကြီးမြင့်လျက်ရှိသည်။

အလားတူ ပြည်တွင်း၌ နိုင်ငံရေးပဋိပက္ခများ ဆက်လက် ကြီးထွားလာခဲ့ရာမှတဆင့် အသွင်ကူးပြောင်းရေး အစိုးရသစ်ကို မကြာသေးမီက ဖွဲ့စည်းခဲ့ကြသည်။

ထိုအစိုးရသစ် အနေဖြင့် ပထမဆုံး ကိုင်တွယ်ရမည်မှာ နိုင်ငံရေးပဋိပက္ခကို ဖြေရှင်းရန်ဖြစ်ပြီး မည်ကဲ့သို့ လုပ်ဆောင်မည်မှာ အရေးကြီးဆုံးဖြစ်ကြောင်း၊ ၎င်းနှင့်တစ်ပြိုင်နက်တည်း စီးပွားရေး ကျဆင်းမှုကိုလည်း ကိုင်တွယ်ရမည်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအမ်ကောန်လက CNI သတင်းဌာနသို့ ပြောသည်။

လက်နက်ကိုင် အင်အားစုတစ်ခုကို တွေ့ရစဉ်

၎င်းက “အဲဒီ ၂ ခုလုံးက မလုပ်လို့ရှိရင် အဆင်ကိုမပြေဘူး။ တစ်ပြိုင်နက်တည်း လုပ်ရမှာဖြစ်တယ်။ နိုင်ငံရေး ပဋိပက္ခကို ဖြေရှင်းမယ်ဆိုတော့ ကျနော်တို့က အခုလက်ရှိ အနေအထားပေါ့နော်။ လက်နက်ကိုင်စွဲ တော်လှန်နေ တဲ့ အုပ်စုတွေ၊ နိုင်ငံရေးအင်အားစုတွေ အဲဒါတွေကို ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးပွဲတွေ သို့မဟုတ် ငြိမ်းချမ်းရေး ဆိုင်ရာ အမြင်တွေ အဲဒီဟာကို ချဉ်းကပ်တဲ့ လမ်းကြောင်းတွေ အကုန် စပြီးတော့မှ ကိုင်တွယ်ရမယ်လို့ ကျ‌နော် တော့ မြင်တယ်။ ဒါပေမယ့် ကျနော်ထင်တယ် ပထမ ၆ လကတော့ နိုင်ငံတော်တည်ငြိမ်ရေးအတွက်ပဲ အရင် သွားဦး မယ်ထင်တယ်။ ပြီးတော့မှ ကျန်တဲ့ဟာ အခု ကျနော်ပြောတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်၊ စီးပွား‌ရေး ဖြစ်စဉ်တွေကို နောက်ကနေ လိုက်ဖြေရှင်းမယ်လို့ ထင်တယ်။ အဲဒီလိုပေါ့နော် ချက်ချင်းကြီးတော့ မလာလောက်သေးဘူ။ အခု လောလောဆယ်မှာတော့ bilateral dialogue တွေ သို့မဟုတ် တစ်ဖွဲ့ချင်းစီနဲ့ နည်းနည်းအကြို ဆွေးနွေးပွဲ တချို့ တွေ လုပ်ဖို့ပြင်ဆင်တာ ဒီလောက်ပဲရှိဦးမယ် ကျနော်ထင်တာတော့။ ဒီကိစ္စတွေ လုပ်ဖို့ဆို အစိုးရသစ်က ပြင်ဆင် တဲ့ ကာလတွေ ရှိသေးတယ်လေ။ နိုင်ငံရေးပြဿနာ ဖြေရှင်းဖို့အတွက် ကြားမှာ ပြင်ဆင်ကာလရှိတယ်။ အဲဒီ transitional period တစ်ခုကို ကျော်ဖြတ်ရဦးမယ်။ ကျော်ဖြတ်ပြီးတဲ့ အခါကြမှ နိုင်ငံတကာ mediator လည်း လိုသလို၊ ပြည်တွင်း mediator လည်းလိုတယ်။ ပြည်တွင်း mediator ဆိုတာက လူထုထဲက ဩဇာရှိတဲ့ ပုဂ္ဂိုလ် များပေါ့။ အဲဒီလိုတွေနဲ့ တစ်ဖွဲ့ချင်းစီကို၊ လူမျိုးတစ်စုချင်းစီကို ချဉ်းကပ်ရမှာ အဆင့်တွေ အများကြီးရှိတယ်” ဟု ပြောသည်။

လက်ရှိ အစိုးရသစ်သည် ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၀ ရက်မှ ဇူလိုင် ၃၀ ရက်အထိ ရက် ၁၀၀ စီမံကိန်းကို  အကောင် အထည်ဖော်သွားမည်ဖြစ်ကြောင်း၊ ထိုရက် ၁၀၀ စီမံကိန်းတွင် တောင်သူလယ်သမားများ ချေးငွေ တိုးမြှင့်ချေး နိုင်ရေး၊ ကုန်သွယ်ရေး၊ ငြိမ်းချမ်းရေး၊ စွမ်းအင် စသည့် ကိစ္စရပ်များ ပါဝင်သည်။