CNI News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၂
တရုတ်အစိုးရ၏ ဖိအားသည် မြန်မာ့တပ်မတော်ထက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများတွင် ပိုများနေကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။
TNLA၊ SSPP၊ MNDAA မှ ခေါင်းဆောင်များနှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)သည် ပန်ဆန်းမြို့မှာ တွေ့ဆုံ၍ အစည်းအဝေး တစ်ရပ် ကျင်းပခဲ့ပြီး မည်သည့်အဖွဲ့ကိုမှ လက်နက်နှင့်ကိရိယာများ ထောက်ပံ့ပေးတော့မည် မဟုတ်ကြောင်း WSTV က ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ထို့ကြောင့် တရုတ်၏ ဖိအားသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအပေါ်၌ အများအပြား ရှိနေပြီး မြန်မာ့တပ်မတော်ထံ တရုတ်ဖိအားမှာမူ ရွေးကောက်ပွဲအတွက် စစ်ရေးအရှိန် လျှော့ရန်ဖြစ်နိုင်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၀ ရက်က ပန်ဆန်းမြို့မှာ UWSA,SSPP,MNDAA,TNLA တို့ အစည်းအဝေး ကျင်းပနေစဉ်
၎င်းက “ကျနော်တို့ တိုင်းရင်းသားတွေဘက် ပိုများမယ်ထင်တယ်။ တပ်မတော်ကိုတော့ သူဖိအားပေးနိုင်တာ တစ်ခုတော့ ရှိတယ်။ ခင်ဗျားလည်း ရွေးကောက်ပွဲ လုပ်ရမှာဖြစ်လို့ စစ်ရေးအရှိန် လျှော့ပါလို့လည်း ပြောနိုင်တာ ပေါ့။ ပြီးခဲ့တဲ့ မဲခေါင်-လျန်ချန်း အစည်းအဝေးမှာလည်း မစ္စတာဝမ်ယိက ပြောတာတွေ နားထောင် လိုက်မယ်ဆို ရင် အခုလောလောဆယ် လိုနေတာက ငြိမ်းချမ်းရေး ဖြစ်တယ်ဆိုပြီး နံပါတ်တစ်က ငြိမ်းချမ်းရေး ဖြစ်တယ်ဆို တော့ ခင်ဗျား ငြိမ်းချမ်းအောင် ကြိုးစားပါ။ ငြိမ်းချမ်းမှ ရွေးကောက်ပွဲ လုပ်နိုင်မယ်လို့ ဆိုလိုတာပေါ့။ နံပါတ်နှစ် ကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ပါဆိုပြီးတော့မှ။ နံပါတ်သုံးကတော့ လူမှုရေး စည်လုံးညီညွတ်မှုကို လုပ်ပါဆိုပြီးတော့မှ ပြောတာ social confidence ပြောတာကို။ အတိုက်အခံ လူမျိုးစုတွေ၊ တိုင်းရင်းသားတွေကို လည်းမက နေပြည်တော်ကိုလည်း စစ်ရေးအရှိန်လျှော့ဖို့ ပြောမယ်လို့ ထင်တာပေါ့” ဟု ပြောသည်။
"ဝ" ပြည်နယ်သည် မည်သည့် လက်နက်နှင့် ကိရိယာကိုမျှ ပံ့ပိုးပေးတော့မည် မဟုတ်ကြောင်း၊ စစ်ရေးအရ လွယ်ကူချောမွေ့စေရေး၊ သို့မဟုတ် မည်သည့် အဖွဲ့အစည်းကို မည်သည့် အကြောင်းပြချက်၊ အချိန်မရွေး၊ မည်သည့် နေရာ၌ဖြစ်စေ ငွေကြေး အကူအညီ ပေးမည်မဟုတ်ကြောင်း UWSA ဒုဥက္ကဋ္ဌ ကျောက်ကော်အန်းက ပြောကြားခဲ့သည်။
ထို့ပြင် အဖွဲ့အစည်းများ အနေဖြင့် လက်နက်နှင့် စက်ကိရိယာများ၊ ငွေကြေး အကူအညီများ သို့မဟုတ် အခြား ကိစ္စရပ်များကို တောင်းဆိုခြင်းဖြင့် "ဝ" ပြည်နယ်ကို ထပ်မံနှောင့်ယှက်ခြင်းမှ ရှောင်ကြဉ်ရန်လည်း ပြောဆိုထား သည်။
ယခုကဲ့သို့ ထောက်ပံ့မှု ရပ်ဆိုင်းလိုက်ခြင်းသည် ၎င်းတို့ဒေသ၌ ရွေးကောက်ပွဲ မကျင်းပရန် မြန်မာ့တပ်မတော်နှင့် အပေးအယူ လုပ်လိုက်ခြင်း ဖြစ်နိုင်ကြောင်း တရုတ်-မြန်မာအရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။
TNLA,MNDAA,AA မှ ခေါင်းဆောင် ၃ ဦးကို တွေ့ရစဉ်
၎င်းက “ဒီကြားထဲမှာ ဖြစ်တာတစ်ခုက ဒီလို စကစ,က ကိုယ်စားလှယ်တွေ လွှတ်ပြီးတော့ “ဝ” ကိုရော၊ မိုင်းလား ကိုရော ရွေးကောက်ပွဲ လုပ်ခိုင်းတယ် ပြောတယ်။ သူတို့က ရွေးကောက်ပွဲတော့ မလုပ်နိုင်ဘူးလို့ ငြင်းတယ်။ အဲဒါ ကြောင့်မို့လို့များ အပေးအယူ လုပ်ကြသလား မသိပါဘူး။ သူတို့ဒေသတွေမှာ ရွေးကောက်ပွဲ လုပ်ခိုင်းတာပေါ့။ သဘောက စကစ,က လုပ်ချင်တာက သူ့ရွေးကောက်ပွဲက တရားဝင်တယ်ပေါ့။ နေရာတော်တော်များများမှာ လုပ်ဖြစ်တယ်ဆိုပြီး လုပ်စေချင်တာ။ ဒါပေမယ့် “ဝ”ရော၊ မိုင်းလားရောက မလုပ်နိုင်ဘူးလို့ ငြင်းလွှတ်လိုက်တယ် ကြားတယ်” ဟု ပြောသည်။
TNLA နှင့် MNDAA သည် ၁၀၂၇ စစ်ဆင်ရေးကို ပူးပေါင်းဖော်ဆောင်ခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မန္တလေး တိုင်းဒေသကြီးအတွင်းက မြို့ပေါင်း ၂၀ ဝန်းကျင်ကို သိမ်းပိုက်ခဲ့ကြသည်။
ထို့နောက် တရုတ်၏ ဖိအားများ ခံရပြီးနောက် TNLA နှင့် MNDAA ကို လက်နက်ခဲယမ်းများ၊ စားနပ်ရိက္ခာ၊ စက်သုံး ဆီ၊ ဆေးဝါးများကို ရောင်းချမပေးရန် UWSA ကို ပိတ်ပင်တားဆီးခဲ့သည်။
ထို့ကြောင့် TNLA သည် လက်နက်ခဲယမ်း အားနည်းလာကာ နောင်ချိုမြို့ကို ဆုတ်ပေးလိုက်ရသလို လတ်တလော မှာလည်း ကျောက်မဲ၊ သီပေါ၊ မိုးကုတ်မြို့များမှာ ခုခံစစ်ကို ဆင်နွှဲနေရသည်။