CNI New

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၂

ရှမ်းနီလူမျိုးများ နေထိုင်သည့် အင်းတော်ကြီးဒေသကို ထိန်းချုပ်နိုင်ရေးအတွက် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့်အတူ အာရက္ခတပ်တော်(AA)သည် ရှမ်းနီအမျိုးသားများတပ်မတော်(SNA)ကို တိုက်ခိုက်လာခြင်းက မည်သည့် အခြေအနေများကြောင့် ဖြစ်နိုင်လဲ စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား မေးခွန်းထုတ်လျက် ရှိနေ သည်။

အင်းတော်ကြီးဒေသကို ထိန်းချုပ်နိုင်ရေးအတွက် KIA သည် AA တပ်ဖွဲ့ဝင်များနှင့်အတူ အင်အား ၂၀၀ ဝန်းကျင် ဖြင့် ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၆ ရက်က စတင်၍ မမုံကိုင်နှင့်မိုင်းနောင်ကျေးရွာရှိ  SNA တပ်စခန်းများကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။

ထို့နောက် SNA ဘက်က စစ်စခန်းတချို့ လက်လွတ်ခဲ့ရာပြီးနောက် ဩဂုတ် ၁၇ ရက်တွင် ပြန်လည်၍ SNA ဘက်မှ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည့်အတွက် လက်လွတ်ခဲ့ရသော စစ်စခန်းများ ပြန်လည်ရရှိခဲ့ကြောင်း သိရ သည်။

အာရက္ခတပ်တော်(AA)သည် စစ်ရေးအရ အကူအညီ တောင်းသောကြောင့် လာရခြင်းဖြစ်နိုင်သလို KIA မှ ကျောက် စိမ်း တူးဖော်ခွင့်များ ပေးထားခြင်းကြောင့်လည်း ပါလာရခြင်းဖြစ်နိုင်ကြောင်း တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ စိုးဋ္ဌေအောင်က CNI သတင်းဌာနသို့ ပြောသည်။

အင်းတော်ကြီးဒေသကိုတွေ့ရစဉ်

၎င်းက “AA ဘက်က မဟာမိတ်ဆိုတော့ စစ်ရေးအရ အကူအညီတောင်းတယ်ဆိုတော့ ဟိုကလည်း လာရမှာပေါ့၊ နောက် ပြီးတော့ အကျိုးစီးပွားဆိုတာ ရှိသေးတယ်လေ။ ဒီ KIA ထိန်းချုပ်ထားတဲ့ ဒီဖားကန့်ဒေသလိုမျိုးမှာ AA က ကျောက်စိမ်း တူးဖော်ခွင့်တွေ ဘာတွေ KIA ပေးထားတယ်ဆိုတော့ မဖြစ်မနေ ပါဝင်ရတဲ့ အပိုင်းလေးတွေ ရှိ ကောင်းရှိမှာပေါ့။ နောက်တစ်ခုက AA အခု မမုံကိုင်မှာ ၁၆ ရက်နေ့ သူက ဝင်တိုက်တယ် တိုက်ပြီးတော့ ၁၇ ရက် နေ့မှာ စဆုတ်တော့ AA ဘက်က စဆုတ်တယ်လို့ပဲ သတင်းစ ကြားရတာပေါ့လေ။ အဲတာလည်း AA ဘက်ကနေ ပြီးမှ ပြောတဲ့စကားဆိုရင် ကျနော်တို့က ဝမ်းသာရမှာပေါ့ ရှမ်းပြည်ကို တိုင်းရင်းသား အချင်းချင်းမို့ သူတို့ မတိုက် ချင်ဘူး ဆိုပြီးတော့ သူတို့စပြီး ဆုတ်သွားတယ်လို့ပဲ၊ သတင်းရရှိပါတယ်။ ဒီဘက်ကလည်း တိုင်းရင်းသား ညီအစ် ကို စိတ်ဓာတ်တစ်ခုထားတယ် AA ကနေပြီးတော့မှ သူကအရင်ဦးဆုံး ဆုတ်သွားတယ်ဆိုတဲ့ အပိုင်းမှာ သူက တိုင်းရင်းသား ညီအစ်ကို စိတ်ဓာတ်ထားတယ်ဆိုတာ ကျနော်တို့တွေက ချစ်ချစ်ခင်ခင် မနေသွားစရာ အကြောင်း မရှိဘူးပေါ့”ဟု ပြောသည်။ 

AA သည် KIA က ၂၀၀၉ ခုနှစ်၊ ဧပြီလတွင် ကချင်ပြည်နယ်၊ လိုင်ဇာမြို့မှာ ထူထောင်ပေးခဲ့သော ရခိုင်လက်နက် ကိုင်အဖွဲ့ဖြစ်ပြီး AA ခေါင်းဆောင်များသည် လိုင်ဇာမြို့မှာ နေထိုင်လျက်ရှိသည်။

ရှမ်းနီလူငယ်များနဲ့ SNA ကိုတွေ့ရစဉ် 

ထို့နောက် KIA ၏ စစ်ဆင်ရေးများတွင် AA သည် ပူးပေါင်းတိုက်ခိုက်လျက်ရှိနေသည်။

အင်းတော်ကြီးဒေသတွင် ရှမ်းနီတပ်ဖွဲ့ SNA ကို KIA နှင့်အတူ ပူးပေါင်း၍ တိုက်ခိုက်နေခြင်းနှင့်ပတ်သက်ပြီး AA ထံ ဆက်သွယ် မေးမြန်းနေသော်လည်း အဆက်အသွယ် မရသေးပေ။

အင်းတော်ကြီးဒေသသည် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်အတွင်း ပါဝင်ပြီး ရှမ်းနီတိုင်းရင်းသားများ အများစု နေထိုင်ကြသည်။

KIA က အင်းတော်ကြီးဒေသကို လွှမ်းမိုးထားစဉ်အချိန်က တစ်အိမ်တက်ဆင်း တက်၍ လူငယ်များကို ဖမ်းဆီးခြင်း၊ စစ်သားစုဆောင်းခြင်း၊ အခွန်ကောက်ခံခြင်းများ အပါအဝင် နည်းလမ်းမျိုးစုံဖြင့် ဖိနှိမ်မှုများ ပြုလုပ်ကြောင်း၊ ထို့နောက် ရှမ်းနီတပ်ဖွဲ့ SNA သည် အင်းတော်ကြီးဒေသအတွင်းသို့ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လတွင် ထိုးဖောက်ဝင် ရောက်၍ ထိန်းချုပ်ခဲ့ကြောင်း အင်းတော်ကြီးဒေသခံများက ပြောသည်။

လက်ရှိတွင် KIA သည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ SNA ထိန်းချုပ်ထားသော ဗန်းမောက်နှင့်ဟုမ္မလင်းမြို့ နယ်များ သိမ်းပိုက်နိုင်ရေးအတွက် PDF များဖြင့် ပူးပေါင်း၍ SNA ကို တိုက်ခိုက်လျက်ရှိသည်။