CNI News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၇
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ထိန်းချုပ် နိုင်ရေးအတွက် ထိုးစစ်ဆင် တိုက်ခိုက်လာသည့်အတွက် ရှမ်းနီအမျိုးသားများတပ်မတော်(SNA)နှင့် တိုက်ပွဲဖြစ်ပွား နေကြောင်း ဒေသခံများက ပြောသည်။
အင်းတော်ကြီးဒေသ မမုံကိုင်နှင့် မိုင်းနောင် ကျေးရွာဘက်ကို KIA က ထိုးစစ်ဆင်လာသည့်အတွက် ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၆ ရက်ကစပြီး SNA နှင့် တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။
အင်းတော်ကြီးဒေသခံတစ်ဦးက “ မိုင်းနောင်နဲ့ မမုံကိုင် တောင်ကြောထဲမှာ KIA နဲ့ SNA တိုက်ပွဲစဖြစ်တယ်။ အင်ကြင်းကုန်းရွာဘက်မှာလည်း ဖြစ်တယ်။ KIA/ KPDF သူတို့လူတွေ ဟိုပင်ကိုလည်း ဝင်တိုက်ဖို့ နန့်ရင်း အရှေ့ကမ်းနဲ့ နန့်ရင်းရွာထဲမှာ ရောက်နေကြပြီလေ”ဟု ပြောသည်။
အင်းတော်ကြီးဒေသနှင့် ဒေသတွင်းရှိ မမုံကိုင်၊ မိုင်းနောင်ကျေးရွာများကို ထိန်းချုပ်နိုင်ရေးအတွက် KIA နှင့် KPDF ပူးပေါင်း အင်အား ၂၀၀ ဝန်းကျင်ဖြင့် ထိုးစစ်ဆင်နေကြောင်း သိရသည်။
အင်းတော်ကြီးဒေသတွင် ရှမ်းနီတိုင်းရင်းသားများ အများစုနေထိုင်သော ဒေသဖြစ်သည်။
KIA သည် အင်းတော်ကြီးဒေသကို စိုးမိုးထားစဉ်က ဒေသခံ ရှမ်းနီတိုင်းရင်းသားများကို အိမ်ပေါ်ထိတက်၍ ဖမ်းဆီး မှုများပြုလုပ်ခြင်း၊ စစ်သားစုဆောင်းခြင်း၊ ငွေကြေးများ ကောက်ခံခြင်းတို့ ပြုလုပ်လေ့ရှိသလို မမုံကိုင်ကျေးရွာရှိ စာသင်ကျောင်းနှင့်ဘောလုံးကွင်းကို စီးပွားရေးလုပ်ငန်းရှင်အား ရွှေတူးဖော်ခွင့် ပေးခြင်းများ ပြုလုပ်ကြောင်း ဒေသခံများက ပြောသည်။
ထို့နောက် မမုန်ကိုင်ကျေးရွာနှင့် အင်းတော်ကြီးဒေသရှိ ဒေသခံများက ဆန္ဒပြကန့်ကွက်ခဲ့ရာမှာလည်း ဖမ်းဆီးမှု များ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
ရှမ်းနီအမျိုးသားများတပ်မတော်(SNA)သည် ကချင်ပြည်နယ်အတွင်းရှိ ရှမ်းနီတိုင်းရင်းသားများနှင့် ရှမ်းမျိုးနွယ်စု များ ကာကွယ်စောင့်ရှောက်ရေးအတွက် ကချင်ပြည်နယ်အတွင်း လှုပ်ရှားလာပြီးနောက် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လက အင်းတော်ကြီးဒေသအတွင်းသို့ ထိုးဖောက်ဝင်ရောက်လာသည်။
ထို့နောက် SNA သည် အင်းတော်ကြီးဒေသ၊ နန့်မွန်း၊ မမုံကိုင်ရွာတို့ကို ထိန်းချုပ်ခဲ့သည်။
အဆိုပါ နယ်မြေကို KIA-PDF က ထိန်းချုပ်နိုင်ဖို့အတွက် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိနေသည်။