CNI News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၂
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်က ကဒူးတိုက်ပွဲရှောင် ၁၈၀ ကျော်ကို ကဒူးနှင့် ရှမ်းနီ လူမှုရေးအသင်းအဖွဲ့များနှင့် အရပ်ဖက်အဖွဲ့အစည်းများက ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၂ ရက်တွင် ငွေကြေးထောက်ပံ့ ပေးခဲ့ကြောင်း သိရသည်။
ဗန်းမောက်မြို့နယ်အတွင်းက အလယ်ရွာ၊ ကံရွာ၊ လက်ပံကျင်း၊ နမ့်မွန်းခေါင် စသည့် ကျေးရွာများမှ အိမ်ထောင်စု ၄၇ စု၊ လူဦးရေ ၁၈၀ ကျော်အတွက် တစ်ဦးလျှင် ၄၅၀၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်း ငွေကျပ် သိန်း ၁၀၀ ကျော်ကို ထောက်ပံ့ပေးခဲ့ကြောင်း ဗန်းမောက် တိုက်ပွဲ ရှောင်ကော်မတီမှ ပြောသည်။
ကဒူးတိုက်ပွဲရှောင်များကို ရှမ်းနီနွယ်ဖွား လူငယ်များအဖွဲ့ချုပ်က ၁၅ သိန်း၊ ကဒူးလူငယ်များအဖွဲ့ချုပ်က သိန်း ၃၀၊ ရှမ်းနီလူမှုရေးအသင်း(မန္တလေးမြို့)က ၁၀ သိန်း ၅ ထောင်ကျပ်၊ ကြာကြီကွင် ပြည်သူ့စစ်(ကချင်ပြည်နယ်)မှ သိန်း ၅၀ စသဖြင့် အသီးသီး ထောက်ပံ့လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

ဗန်းမောက်မြို့ကို KIA-PDF-ကဒူး ပူးပေါင်းတပ်ဖွဲ့က ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်တွင် မြို့သိမ်း တိုက်ပွဲ ဖော်ဆောင်ခဲ့ပြီး စက်တင်ဘာ ၂၀ ရက်၌ သိမ်းပိုက်ထိန်းချုပ်ခဲ့သည်။
အဆိုပါ တိုက်ပွဲများကြောင့် ဗန်းမောက်မြို့အနီးရှိ ကျေးရွာများမှ ကဒူးလူမျိုးများသည် ရှမ်းနီအမျိုးသားများတပ် မတော်(SNA) ထိန်းချုပ်ထားသော ဗန်းမောက်မြို့အနောက်ခြမ်းသို့ ထွက်ပြေး တိမ်းရှောင်လာခဲ့ကြသည်။
လက်ရှိ SNA ထိန်းချုပ်နယ်မြေအတွင်းမှာ ကဒူးတိုက်ပွဲရှောင် စုစုပေါင်း ၅၀၀၀ ဝန်းကျင်ရှိပြီး SNA အပါအဝင် ရှမ်းနီလူမှုရေးအသင်းအဖွဲ့များ၊ ရှမ်းနီအရပ်ဖက်အဖွဲ့အစည်းများက စားနပ်ရိက္ခာ၊ ဆေးဝါး၊ ငွေကြေး စသည်တို့ကို ထောက်ပံ့ပေးလျက်ရှိသည်။
ဗန်းမောက်တိုက်ပွဲရှောင်များသည် အရေးပေါ် စားနပ်ရိက္ခာနှင့် ကျန်းမာရေး စောင့်ရှောက်မှုအတွက် ဆေးဝါးများ လိုအပ်နေကြောင်း၊ နိုင်ငံတကာနှင့် အစိုးရ၏ အကူအညီများလည်း မရရှိပဲဖြစ်နေကြောင်း သိရသည်။
