CNI News

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၅

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဗန်းမောက်မြို့နယ်ထဲက တခွက်သာ၊ ခိုနန်း၊ ခိုပြင်၊ ခမိုး စသည့် ကျေးရွာများ မှ ဒေသခံများသည် ရှမ်းနီအမျိုးသားများတပ်မတော်(SNA)၏ တပ်မဟာ ၆၁၄ ထိန်းချုပ်နယ်မြေအတွင်းသို့ တိမ်း ရှောင်လာကြကြောင်း သိရသည်။

အဆိုပါ ကျေးရွာမှ ဒေသခံများသည် PDF-KIA-ကတူး စသည့် ပူးပေါင်းတပ်ဖွဲ့များ ထိန်းချုပ်ထားသော နယ်မြေများ သို့ တိမ်းရှောင်နေရာမှ စားနပ်ရိက္ခာ ထောက်ပံ့မှုမရှိသဖြင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၄ ရက်က ပြန်လည်ထွက်လာပြီး SNA ထိန်းချုပ်နယ်မြေ ဗန်းမောက်မြို့ အနောက်ဘက်ခြမ်းသို့ တိမ်းရှောင်လာခဲ့ကြကြောင်း ဒေသခံများက ပြော သည်။

ဒေသခံ တစ်ဦးက “တခွက်သာ၊ ခိုနန်း ၊အလယ်ရွာကံရွာ ခိုပြင်၊ ခမိုး ရွာသားတချို့ PDF ဘက်ကို ပါသွားတာ။ အခု  PDF- KIA ဘက်က ဘာရိက္ခာမှ မထောက်လို့ ခိုးပြန်လာတာ။ ရွာသား အချင်းချင်း သွားပြန်ကြိုခဲ့တာ၊ အခု SNA ထိန်းချုပ် နယ်မြေဘက်ကို တိမ်းရှောင်လာခဲ့တယ်။ ဒီဘက်မှာတော့ စားနပ်ရိက္ခာနဲ့ နေစရာ စီစဉ်ပေးထားတယ်” ဟု ပြောသည်။

ဗန်းမောက်မြို့ကို KIA-PDF-ကတူးတပ်ဖွဲ့ ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်က ထိုးစစ်ဆင် တိုက်ခိုက် ခဲ့ပြီး စက်တင်ဘာ ၂၀ ရက်တွင် အလုံးစုံ သိမ်းပိုက်ထိန်းချုပ်ခဲ့သည်။

ထို့နောက် ဗန်းမောက်မြို့ပေါ်နှင့် အနီးနားရှိ ကျေးရွာများမှ ဒေသခံများသည် SNA ထိန်းချုပ်နယ်မြေ အနောက် ဘက်ခြမ်းဒေသသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြသည်။

လက်ရှိတွင် SNA ထိန်းချုပ်နယ်မြေအတွင်းမှာ တိုက်ပွဲရှောင် ၅၀၀၀ ဝန်းကျင်ရှိသည်။