CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၅
မြန်မာနိုင်ငံတွင် အားနေလျှင် နိုင်ငံရေးပါတီထထောင်မည်၊ ပါတီဥက္ကဋ္ဌကြီး လုပ်ချင်နေသည့်သူ များနေကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်က ပြဋ္ဌာန်းခဲ့ပြီး ပြည် ထောင်စုအဆင့် ပါတီဖြစ်ပါက မြို့နယ် ၁၀၀ ကျော်မှာ ပါတီရုံးခန်းဖွင့်ရမည်ဖြစ်ပြီး ပါတီဝင် အင်အား ၅၀,၀၀၀ စုစည်းနိုင်ရမည်ဟု သတ်မှတ်ထားသည်။
အဆိုပါ ကန့်သတ်ချက်များ ရှိနေသည့်တိုင် မြန်မာနိုင်ငံတွင် နိုင်ငံရေးပါတီ ၅၀ ကျော်ရှိပြီး ပါတီများ ဖောင်းပွလျက် ရှိနေကြောင်း၊ ပါတီထောင် ဥက္ကဋ္ဌလုပ်၍ နိုင်ငံတော်အဆင့် အခမ်းအနားများ တက်ရောက်၍ အာဏာပိုင်များဖြင့် ရင်းနှီးမှု ရယူကာ ကိုယ်ကျိုးစီးပွားရှာနေကြသူများလည်း ရှိနေကြောင်း နိုင်ငံရေးလေ့လာစောင့်ကြည့်သူများက ထောက်ပြကြသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က “မြန်မာနိုင်ငံမှာ ပါတီတွေက ဘာမှ မကန့်သတ် ထားပြန်ရင် လည်း အင်မတန်ကို ဖောင်းပွ ပြီးတော့မှ အားနေရင် ပါတီထထောင်မယ် ဥက္ကဋ္ဌကြီးလုပ်ချင်နေတဲ့ လူတွေကလည်း များတာကတော့လည်း ဟုတ်တယ်”ဟု ပြောသည်။
နိုင်ငံရေးပါတီဆိုသည်မှာ ပြည်သူကို ဗဟိုပြု၍ ပြည်သူ့အကျိုးကို မျက်နှာမူရသည့် နိုင်ငံရေးသမားများဖြင့် စုဖွဲ့ ထားသော နိုင်ငံရေးအင်အားစု တစ်ရပ်ဖြစ်ပြီး ရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်လျက် မိမိတို့မူဝါဒ သဘော တရားများနှင့်အညီ နိုင်ငံတော်၏ အကျိုး၊ ပြည်သူ၏အကျိုးကို လွှတ်တော်တွင်းမှ ပြောဆိုဆွေးနွေး ဆောင်ရွက် ကြမည့်သူများဖြစ်သင့်ကြောင်း လေ့လာစောင့်ကြည့်သူများက ထောက်ပြကြသည်။

နိုင်ငံရေးပါတီ ခေါင်းဆောင်များနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံစဉ်
မြန်မာပြည်တွင် မြန်မာများ၏ သဘောထားတစ်ခုက တပည့်မခံချင်ကြောင်း၊ ပုဂ္ဂိုလ်ရေး လွမ်းမိုးသည့် လူအဖွဲ့ အစည်းက ဖြစ်နေသည့်အတွက် ပါတီများပေါနေရကြောင်း နေပြည်တော်၊ ဇဗ္ဗူသီရီမြို့နယ်ကနေ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်ပြိုင်မည့် ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “သူ့ပါသူ ပါတီထောင်လို့ ဥက္ကဋ္ဌဖြစ်ချင်လို့ထောင် ထောင်ပေါ့၊ တကယ်တော့ နိုင်ငံရေး စိတ်ဝင်စားတဲ့ လူတွေများ လာတာတောင်မှ ဒါက ဝမ်းသာစရာပဲပေါ့နော်၊ အဲ့တော့ ပါတီထောင်လို့ မြေကွတ်တကွက်ရမယ် တယ်လီဖုန်းတွေ တန်တဲ့ခေတ်က တယ်လီဖုန်း ပေးတယ်ဆိုတဲ့ နဝတခေတ်က ထောင်တာမျိုးမှ မဟုတ်တာကြီး သို့သော် အဲ့လို ပေးလို့ထောင်ရင်လည်း ထောင်ပစေပဲ အဓိက ဘာပဲထောင်ထောင် စနစ်ပဲလိုတာလေ နောက်ဆုံး ကျတော့ လူထု ထောက်ခံမှုရတဲ့လူက ကျန်ခဲ့မှာပဲ။ ရေရှည်တည်တံ့ခိုင်မြဲဖို့ဆိုတာက တောင့်ခံနိုင်စွမ်းရှိတဲ့ ရပ် တည်မှုနဲ့သူက နောက်ဆုံး ကျန်ခဲ့မှာပေါ့။ မြန်မာတွေရဲ့ သဘောထား တစ်ခုတော့ရှိတယ်။ အဲ့ဒါက သူက တပည့် မခံချင်တာပေါ့ တပည့်မခံချင်ဘူးသူက တဇဉ်ထောင်ချင်တယ် ပုဂ္ဂိုလ်ရေးကိုးကွယ်မှု ဗမာတွေက ရှိနေတယ်။ စည်းမျဉ်းဥပဒေက အဓိကမဟုတ်ဘူး၊ အဲ့လိုခေတ်မဟုတ်ဘူး မူဝါဒမဟုတ်ဘူး။ ပုဂ္ဂိုလ်ရေးရ ဟိုဟာ ဖြစ်တယ် ဆိုတဲ့လူတွေ အဲ့စရိုက်တွေများတဲ့ အခါကြတော့ အခု NUG က နိုင်ငံတော်ကို ပုန်ကန်နေတဲ့ ခေတ်မှာလည်း NUG နဲ့အပြိုင်ပေါ့နော်၊ ကျန်တဲ့ အဖွဲ့အစည်းတွေကလည်း သူနေရာ သူ့ဒေသနဲ့သူ အဲ့တော့ ဒါက လူမျိုး ကာရိုက်တာနဲ့ ဆိုင်တယ် ပုဂ္ဂိုလ်ရေးက လွှမ်းမိုးတဲ့ လူ့အဖွဲ့အစည်းက ဖြစ်နေတဲ့အတွက်ကြောင့် ပါတီတွေ ဒီလိုပေါနေတာလို့ ပြောနိုင်တယ်ပေါ”ဟု ပြော သည်။
လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံရေးပါတီများကို ထူထောင်ကြရာမှာ စီးပွားရေးသမား၊ ပြည်ပနိုင်ငံ၊ ပြည်တွင်း အင်အားကြီး အဖွဲ့အစည်း စသည့် အစုအဖွဲ့များက နိုင်ငံရေး၊ စီးပွားရေးနှင့် ပြည်သူလူထုကြား proxy အဖြစ် ကစားရန် ထူထောင်ထားကြသလို ပြည်သူလူထုနှင့် တိုင်းပြည် အပြောင်းအလဲကို တကယ် ဖော်ဆောင်ချင်၍ ပါတီထောင်ကြသူများလည်း ရှိနေသည်။

နိုင်ငံရေးပါတီများ၊ လက်နက်ကိုင်များ၊ အစိုးရ-တပ်မတော်များ၊ အရပ်ဖက်များ ငြိမ်းချမ်းရေးစကားဝိုင်း ကျင်းပနေစဉ်
မြန်မာပြည်တွင် နိုင်ငံရေးပါတီတစ်ခု၏ ဥက္ကဋ္ဌဖြစ်လျှင် အတန်အသင့်နေရာရကြောင်း၊ နိုင်ငံရေးပါတီထောင်ပြီး နိုင်ငံရေးအား ဟန်ပြလုပ်သည့်ပါတီ တချို့လည်း တွေ့ရကြောင်း ရန်ကုန်စောင့်ကြည့်အဖွဲ့ တည်ထောင်သူ ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အန်တီတို့နိုင်ငံမှာ နိုင်ငံရေးသမားကောင်းဆိုတာ ဘာလဲဆိုတာကို အားကိုးရလောက်တဲ့ အတိုင်းအတာ တစ်ခုထိ မရှိခဲ့ဘူးပဲပြောရမယ်။ ဒီလူ့အဖွဲ့အစည်းမှာက ဘာကပဲ ထင်ရှားခဲ့လဲဆိုတော့ နိုင်ငံရေးသမားဆိုလို့ရှိရင် နိုင်ငံရေးပါတီ ထောင်ရမယ်လို့ အစိုးရတွေက တွန်းအားပေးတယ်။ အဲ့လိုတွန်းအားပေးတဲ့အခါမှာ ဒီနိုင်ငံရေးသမား တွေလည်း အခွင့်ကာင်းယူ နိုင်ငံရေးသမားအချို့ပေါ့ အကုန်လုံးတော့လည်း မဟုတ်ပါဘူး။ နိုင်ငံရေးသမားအချို့ က အစိုးရက တွန်းအားပေးတဲ့ပေါ်မှာ မူတည်ပြီးတော့ နိုင်ငံရေးပါတီတွေ ထောင်ကြတယ်။ နိုင်ငံရေးပါတီတစ်ခုရဲ့ ဥက္ကဋ္ဌ ဖြစ်လို့ရှိရင် အတန်အသင့်ပေါ့။ နေရာရတယ်ဆိုပြီးတော့ နိုင်ငံရေးပါတီ ထောင်ပြီးတော့လည်း နိုင်ငံရေးကို ဟန်ပြလုပ်တဲ့ပါတီ တချို့လည်းပဲ တွေ့ခဲ့ရတယ်။ အဲ့တော့ ဒီနိုင်ငံမှာက ပြည်သူလူထုရဲ့အမြင်က နိုင်ငံရေးသမား ဆိုလို့ရှိရင် အစိုးရအကြိုက် နိုင်ငံရေးပါတီထောင်မယ်၊ ဥက္ကဋ္ဌလုပ်မယ်။ ပြီးလို့ရှိရင် ကိုယ့်ရဲ့ဂုဏ်သိက္ခာအတွက် ကိုယ့်ရဲ့လူမှုစီးပွား အကျိုးစီးပွားတွေအတွက် ဒါဥက္ကဋ္ဌလုပ်မယ်။ ပြီးလို့ရှိရင် ရွေးကောက်ပွဲဝင်မယ် ရွေးကောက်ပွဲ မနိုင်ရင် ပြန်ပြီးတော့ ရိုးရိုးသားသား ပါတီဥက္ကဋ္ဌလုပ်မယ်။ ပွဲလမ်းသဘင်တွေကို ဥက္ကဋ္ဌအနေနဲ့ တက်မယ် တောရောက် တောင်ရောက် ထွေရာလေးပြားပြောမယ်ဆိုတဲ့ အမြင်ကြီးက ပြည်သူလူထုမှာ ရှိနေတယ်”ဟု ပြော သည်။
နိုင်ငံရေးဆိုသည်မှာ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော နိုင်ငံသား ပြည်သူများ အားလုံး၏ ကျန်းမာရေး၊ ပညာ ရေး၊ စီးပွားရေး၊ လူမှုရေး၊ တရားဥပဒေစိုးမိုးရေး စသည့် လူမှုဘဝအရေးကိစ္စစသည့် အရာများအားလုံးနှင့် ဆက် စပ်လျက်ရှိသည်။
နိုင်ငံရေးပါတီဆိုသည်မှာ နိုင်ငံ့အရေးကို ဆောင်ရွက်ရန် စိတ်ပါဝင်စားသောသူများ (နိုင်ငံရေးသမားများ)ဖြင့် စိတ် သဘောထားချင်း တူရာစုဖွဲ့ထားသော အစုအဖွဲ့တစ်ခုဖြစ်ပြီး နိုင်ငံရေး မူဝါဒသဘောတရား တစ်ရပ်အပေါ် အခြေခံ၍ မိမိတို့၏ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် စုဖွဲ့ထားသော အဖွဲ့အစည်း တစ်ရပ်လည်း ဖြစ်သည်။
